အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းနှင့်ကချင်အစပ်ရှိ ဗန်းမောက်မြို့ကို PDF ဝင်တိုက်၊ ဗိုလ်မှူးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ် ဗန်းမောက်မြို့ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရုံးသုံးရုံးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က ယနေ့ (ဩဂုတ် ၁၂) နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး သေဆုံးသည်။ 

စစ်တပ် အခိုင်အမာတပ်စွဲထားသည့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းနှင့် သစ်တောရုံးတို့ကို နံနက် ၁၀ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ကြောင်း၊ တစ်နာရီခန့် ကြာမြင့်ကြောင်း ဗန်းမောက် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း အုပ်ချုပ်ရေးမှူးရုံးရှိနေသည့် မြို့နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန် သေဆုံးကာ စစ်ကောင်စီဘက်မှ အများအပြား ဒဏ်ရာရသွားကြောင်း ၎င်းက ဆက်ပြောသည်။

“ဗန်းမောက်မြို့ထဲမှာ (စစ်ကောင်စီ) ကင်းပုန်းဝပ်ထားတာတွေရှိတယ်။ ကင်းပုန်းနေရာတွေ သိချင်လို့လည်း ပါတယ်။ ရဲစခန်းကိုလည်း သွားပစ်လိုတာလည်း ပါတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက် ဒဏ်ရာရတယ်” ဟု ဗန်းမောက် PDF တာဝန်ရှိသူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

PDF တပ်ဖွဲ့ဝင်မှာ ခြေထောက်နှင့် တင်ပါးတွင် မစိုးရိမ်ရ ဒဏ်ရာရခဲ့ကာ ဆေးကုသမှု ခံယူနေကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ဗန်းမောက်မြို့အတွင်း ဆိုင်များ၊ ဈေးများပိတ်ထားကာ တိတ်ဆိတ်ငြိမ်သက်နေသည်ဟု မြို့ခံ သုံးဦးထံမှလည်း သိရသည်။

“အကျကတော့ ဗိုလ်တစ်ယောက်ပဲလို့ ကြားတယ်။ လူတွေကတော့ နည်းနည်းထိခိုက်တယ်တဲ့။ ဆေးရုံမှာ ရောက်နေတဲ့သူတွေရောဆိုတော့ မပြောတတ်သေးဘူး။ ဆိုင်တွေ၊ အိမ်တွေ ၊ ရုံးတွေပိတ်ထားတယ်” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။   

“ဒီနေ့ မနက် PDF က အလစ်ဝင်ဆော်လိုက်တော့ သူတို့ဘက်က အကျများသွားတော့ ကြောက်လန့်ပြီး ရှေ့မတိုးဘဲ နောက်ဆုတ်ထားတဲ့ပုံစံလည်းဖြစ်နိုင်တယ်။ အစောပိုင်းတုန်းကပဲ အပြန်အလှန်ပစ်ခတ်မှု ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် The Voice of Shan-Ni ကလည်း ထိုဖြစ်စဉ်ကို အတည်ပြုထားပြီး အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမျိုးမြင့်နိုင် ဖမ်းခံရကြောင်း၊ နောက်ပိုင်းတွင် PDF က ပြန်လွှတ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ဗန်းမောက်သည် စစ်ကောင်စီကို ရရာလက်နက်ဖြင့် ပြင်းပြင်းထန်ထန် ခုခံနေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း တောင်ကုန်းတောင်တန်းပေါများရာ ဒေသတွင်ရှိသည်။ ဝါရင့်တော်လှန်ရေးအဖွဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အခြေစိုက်ရာ ကချင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles