သတင်း

ချောင်းဦး PDF က စစ်ကောင်စီတပ်ကို ဗုံးတပ်ဒရုန်းနှင့် ဆွဲမိုင်းသုံးပြီး တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (သြဂုတ် ၁၀) တွင် ဒရုန်းဖြင့် ဗုံးကြဲသလို မိုင်းဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ချောင်ဦး PDF) က ရုပ်သံနှင့်တကွ ထုတ်ပြန်ကြေညာသည်။

ထိုနေ့ နံနက် ၆နာရီခွဲခန့်က ပြည်သူ့အားကစားကွင်း၊ ဆည်မြောင်းရုံးတို့တွင် တပ်စွဲထားသော ၄၅ ဦးပါ စစ်ကောင်စီစစ်ကြောင်းမှာ မြို့မြောက်ဘက် ၃ မိုင်အကွာ ခင်မွန်ရွာဘက်သို့ ခြေလျင်ချီတက်နေစဉ် PDF က တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ခင်မွန်ရွာနှင့် အောင်ချမ်းသာရွာအကြားတွင် ဒရုန်းဖြင့် ဗုံးကြဲခဲ့ကြောင်း၊ ခင်မွန်ရွာမှ မုံရွာဘက်သို့ ဆက်သွားချိန်တွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၁၄ ဦး သေဆုံးကြောင်း ချောင်းဦး PDF ၏ ထုတ်ပြန်ချက်က ဆိုသည်။

“ရွာရဲ့အထွက်တွေမှာ (မိုင်း) ဆွဲတာ။ သူတို့က သွေးရူးသွေးတန်းပြေးရင်းနဲ့ နောက်ဆုံးမှာ လဲကျကုန်တာ။ မိုင်းခွဲတဲ့နေရာက သက်သက်၊ လဲကျကုန်တာက သက်သက်” ဟု ချောင်းဦး PDF ခေါင်းဆောင် ကိုဇာနည်က ပြောသည်။

မိုင်းဆွဲတိုက်ခိုက်အပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လမ်းမပေါ်တွင် လဲကျနေသည့် ရုပ်သံကို ဒရုန်းသုံး၍ ရိုက်ကူးကာ ချောင်းဦး PDF ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ဩဂုတ် ၈ရက်နေ့ နံနက်နှင့် မွန်းလွဲပိုင်းတွင် ချောင်းဦးနှင့် ကင်မွန်းတော်ရွာသွားသည့် လမ်းပိုင်း၊ ၃ နေရာ၌  မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကာ ၃၃ ဦး ဒဏ်ရာရကြောင်း နောက်တစ်ရက်တွင် ထိုအဖွဲ့က ထုတ်ပြန်သည်။

သို့သော် ယင်းနေ့တွင် ဒေသတွင်း PDF ထောင်ထားသည့် လက်လုပ်မိုင်း ၁၆ လုံးခန့်ကို စစ်ကောင်စီက ဖြုတ်ယူသွားသည်ဟု ချောင်းဦး PDF က ပြောထားသည်။

သုံးရက်တာအတွင်း စစ်ကောင်စီဘက်မှ ၂၀ ကျော် သေသည်ဟု PDF က ပြောသည့် အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီထံ မေး၍မရသေးပေ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့ ရရာလက်နက်ဖြင့် တော်လှန်နေကြဆဲဖြစ်ပြီး တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများ တက်ကြွစွာပါဝင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button