
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ခု၌ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦး အတူရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရသည်။
ယမန်နေ့ (ဩဂုတ် ၁၁)၊ နံနက် ၇ နာရီခန့်တွင် အမည်မသိ သေနတ်သမားနှစ်ဦးက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့ထံမှ စုံစမ်းသိရှိရသည်။
သေနတ်ဖြင့် ပစ်ခံရသူတို့မှာ ဝသုန္ဒရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်သောင်း၊ လင်းမြွေချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းနှင့် ထီးတော်မိုးကျေးရွာ အုပ်ချုပ်ရေးမှူးဦးဌေးလွင်တို့ ဖြစ်သည်။
၎င်းတို့အနက် အုပ်ချုပ်ရေးမှူးဦးကျော်ဆန်းမှာ ရင်ဘတ် သေနတ်မှန်ဒဏ်ရာဖြင့် ဆေးရုံအရောက် သေဆုံးသွားသည်ဟု ကြားသိရကြောင်း မတ္တရာဒေသခံတစ်ဦးက ဆိုသည်။
“သူက မန္တလေးဆေးရုံမှာ မနေ့ညနေက ဆုံးသွားပြီလို့ ကြားနေတယ်။ ကျန် ၂ ဦးကတော့ လက်မောင်းတို့ ပေါင်တို့ မှန်တာ။ သူတို့လည်း ဆေးကုနေရတယ်” ဟု ၎င်းက ပြောသည်။
သေနတ်သမားတို့က အုပ်ချုပ်ရေးမှူးများနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ဘုန်းကြီးတစ်ပါးကိုမူ ရန်မရှာခဲ့ဟု ထိုသူက ဆက်ပြောသည်။
“သူတို့ ဘုန်းကြီးကိုတော့ ပစ်မသွားဘူး။ အဲဒီဘုန်းကြီးကလည်း ရွာမှာ စစ်တပ်နဲ့ ပေါင်းပြီး အလိုတူအလိုပါလို့ ပြောနေကြတယ်” ဟု ဆိုသည်။
အဆိုပါပစ်ခတ်မှုမှာ ၎င်းတို့၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ စစ်တပ်နှင့် ပူးပေါင်းကာ ကျေးရွာကို ဒုက္ခပေးနေသော အုပ်ချုပ်ရေးမှူးများဖြစ်၍ ပစ်ခတ်ရခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် Mahar Revolution Force (MRF) အဖွဲ့က ယမန်နေ့ (ဩဂုတ်၁၀) က ထုတ်ပြန်သည်။
“တစ်ဦး ဆေးရုံမှာ သေသွားပြီ။ ကျွန်တော်တို့ဝင်ပစ်တဲ့အခါမှာ သူတို့မှာ လက်နက်ပါတယ်။ သူတို့ ထုတ်ချိန်မရခင် အလစ်အငိုက်ရတဲ့အချိန်မှာ ဝင်ပစ်လိုက်တာ။ ဘုန်းကြီးကလည်း သူတို့နဲ့ အလိုတူအလိုပါ။ ဒါပေမဲ့ ကျွန်တော်တို့ မပစ်ဘူး” ဟု MRF အဖွဲ့ဝင်တစ်ဦးက ယနေ့ နံနက်တွင် ပြောသည်။
စစ်တပ်နှင့် ပူးပေါင်းကာ ကျေးရွာကို ဖိနှိပ်နေသော လင်းမြွေချောင်းအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကို ရှင်းလင်းရန် လိုက်လံစုံစမ်းနေစဉ် ၎င်းနှင့်အတူ အခြားအုပ်ချုပ်ရေးမှူးများပါ ပူးတွဲတွေ့ရ၍ ၃ ဦးလုံးကို ပစ်ခတ်ခဲ့ရသည်ဟု ဆိုသည်။
“အဓိကက လင်းမြွေချောင်းအုပ်ကြီး။ သူက စစ်တပ်နဲ့ ပေါင်းပြီး တစ်ခုခုဆို ရွာကို စစ်တပ်ခေါ်လိုက်ရမလား ခြိမ်းခြောက် နှိပ်စက်ပေါင်း များလာပြီ။ သူ့ကိုရှင်းဖို့ လိုက်နေချိန်မှာ သုံးကောင်လုံး စားမယ် (တစ်ခါတည်းပစ်မယ်) ဆိုပြီး လုပ်လိုက်တာ” ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ကို ဓာတ်ဗူးတွေနဲ့ ပစ်။ တစ်ရှူးဘူးတွေနဲ့ ပြန်ပစ်သေးတာ” ဟု MRF အဖွဲ့ဝင်က ဆိုသည်။
ပစ်ခတ်မှုအတွင်း ၎င်းတို့အဖွဲ့သားများ အထိအခိုက်မရှိခဲ့ကြောင်း MRF အဖွဲ့ထံမှ သိရသည်။
ထိုဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်သားအများအပြား ယင်းကျေးရွာသို့ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မတ္တရာမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီထံ ဆက်သွယ်၍ မရသေးပေ။
ယမန်နေ့ နံနက် ၈ နာရီကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်း စစ်ကောင်စီကင်းစခန်းတစ်ခု ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး တပ်ကြပ်ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။
မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက် ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားရှိ ဒဟတ္တောဘုရားဝင်းအတွင်းမှာရှိသော စစ်ကောင်စီတပ်စွဲထားသည့် ာကင်းစခန်းဘန်ကာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ယင်းပေါက်ကွဲမှုတွင် တပ်ကြပ်ကြီးဇော်ကွန်းနှင့် တိုင်းအကူရဲတပ်ဖွဲ့မှ ရဲတပ်သားကျော်ထူးလွင်တို့ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်သားမှာ စိုးရိမ်ရသည့်အခြေအနေရှိနေပြီး နန်းတွင်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသနေရကြောင်း မဟာအောင်မြေဒေသခံတစ်ဦးက ဆိုသည်။
ပြောက်ကျားတိုက်ခိုက်မှုများ အားကောင်းသော မန္တလေးတွင် ယခုဩဂုတ်လဆန်းပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ မကြာခဏ ဖမ်းဆီးသတ်ဖြတ်ခံနေရသော်လည်း ၎င်းတို့၏ဖောက်ခွဲတိုက်ခိုက်မှုများ အားလျော့မသွားဘဲ နှစ်ဖက်အခြေအနေ တင်းမာနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)