
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ (ဩဂုတ် ၉) နေ့လယ်ပိုင်းတွင် တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ကြိမ် လာရောက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဆယ်ဇင်းရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် အနီးအနားရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောက်တစ်နေ့တွင် ရဲစခန်းကိုပါ ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။
မွန်းလွဲ ၁ နာရီမှစ၍ KIA က ရဲစခန်းကို စတင် တိုက်ခိုက်ခဲ့သည်။ နာရီဝက်ခန့်ကြာသည့်နောက် ရဟတ်ယာဉ်တစ်စီးနှင့် တိုက်လေယာဉ်တစ်စီးတို့ လာရောက်ပစ်ခတ်ခဲ့သည်ဟု အသက် ၃၀ ခန့်ရှိသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲမဖြစ်ခင် မွန်းတည့် ၁၂ နာရီခန့်ကလည်း ရွာအနီးတစ်ဝိုက်ရှိ KIA တပ်များရှိနိုင်မည့်နေရာများကို ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သေးသည်ဟု ဆိုသည်။
“တိုက်ပွဲမဖြစ်ခင်ကလည်း တစ်ခါလာပစ်တာက ရွာပတ်ပတ်လည် လျှောက်ပစ်တာပေါ့၊ အဲဒါပြီးတဲ့နောက်မှ ဒီဘက် (KIA) က ရဲစခန်းကို တိုက်နေတာကို နောက်တစ်ခေါက်လာပစ်တာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
တိုက်ခိုက်မှုများကြောင့် ရဲစခန်းအနီးရှိ ဒေသခံအချို့မှာ ဘုန်းကြီးကျောင်းတွင် သွားရောက် ခိုလှုံနေကြရသည်ဟု အထက်ပါအမျိုးသားထံမှ သိရသည်။
“ဘယ်နေလို့ရမလဲ အကုန်ပြေးကြရတာပေါ့။ အဲဒီရဲစခန်းနားက အများဆုံးပေါ့” ဟု ဒေသခံအမျိုးသားက ပြောသည်။
အဆိုပါ ရဲစခန်းမှာ ရွာ၏ အရှေ့ဘက် ဟိုပင်မြို့ဘက်သို့ သွားသည့် လမ်းအနီးတွင် ရှိပြီး ရဲစခန်း၏ ဧရိယာအနီး ဘုန်းကြီးကျောင်းရှိနေသည့်အတွက် ခိုလှုံနေသူများအတွက်လည်း စိုးရိမ်ရသည်ဟု အသက် ၄၀ ခန့် ရှိသည့် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
တိုက်ပွဲမှာ မွန်းလွဲ ၃ နာရီခန့်အထိ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စခန်းမသိမ်းနိုင်သေးခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
“လေကြောင်းက ပစ်နေလို့ သူတို့ (KIA) ကောင်းကောင်းမွန်မွန်မပစ်ရလို့ ကြာနေတာ နေမှာ။ ရဲစခန်းရဲ့ အကျယ်အဝန်းက ဘယ်လောက်မှ မရှိတာ၊ အပေါ်က လေယာဉ်ဝဲနေတော့ သူတို့လုပ်ပိုင်ခွင့် သိပ်မရှိလို့ နေမှာ” ဟု အဆိုပါ အမျိုးသမီးက ပြောပြသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းဖြင့် ဆက်သွယ်၍ မရသေးသလို စစ်ကောင်စီကိုလည်း မေးမြန်းနိုင်ခြင်းမရှိသေးပေ။
ဆယ်ဇင်းကျေးရွာမှာ ကချင်ပြည်နယ် ဖားကန့်မြို့တောင်ဘက် မိုင် ၄၀ ခန့်အကွာ၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နယ်စပ်တွင် ရှိပြီး ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်က ဆယ်ဇင်းရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို KIA က ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။
ဇူလိုင် ၁၆ မှ ၁၉ ရက်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပိတ်မိနေသည့် ၎င်းတို့ စစ်ကြောင်းကို ကယ်တင်ရန်အတွက် လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦး ကျည်စထိမှန် သေဆုံးခဲ့သည်။
ယနေ့တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ ဒေသခံထိခိုက်ဒဏ်ရာရမှု အခြေအနေမှာ တိုက်ပွဲမပြီးသေးသည့်အတွက် မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး KIA တပ်များ ထိန်းချုပ်လှုပ်ရှားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။
ကချင်ပြည်နယ်အတွင်း ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်များအပြင် ပြီးခဲ့သည့် ဩဂုတ် ၂ ရက်က ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ ပူးပါင်းထားသည့် စခန်းကို KIA တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)