
ကချင်ပြည်နယ်၊ ဖားကန်မြို့နယ် ဆယ်ဇင်းရွာအနီးရှိ တာဝါတိုင်တောင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းနှင့် ရှမ်းနီပြည်သူ့စစ်ဂိတ်စခန်းတို့ကို ယနေ့နံနက်အစောတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
မြို့တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင်ရှိသည့် ထိုစခန်းကို KIA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆယ်ဇင်းဒေသခံများက ပြောသည်။
“မနက် ၁ နာရီဝန်းကျင်လောက်ကဖြစ်မယ်၊ လက်နက်ကြီးသံတွေ စကြားရပြီး မကြာဘူး သေနတ်သံတွေပါ ဆက်ကြားရတာ၊ တော်တော်ကြာတယ်၊ မနက် ၅ နာရီလောက်ကျတော့ ငြိမ်သွားပြီး စခန်းကို KIA က သိမ်းလိုက်နိုင်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်အချို့ရရှိလိုက်ပြီး စစ်သား ၅ ဦးခန့်ကိုလည်း အရှင် ဖမ်းမိသည်ဟု ၎င်းက ဆက်ပြောသည်။
စခန်းသိမ်းပြီးနောက် ထိုစခန်းတွင် KIA က အထိုင်ချထားပြီး နံနက် ၆ နာရီခန့်တွင် ဆယ်ဇင်းရွာတောင်ဘက် နမ့်ပုတ်ချောင်းတစ်ဖက်ကမ်းရှိ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ၏ ဂိတ်စခန်းတစ်ခုကို ဆက်လက်တိုက်ခိုက်သည်ဟု သိရသည်။
“တာဝါတိုင်စခန်းတိုက်ပွဲပြီးပြီး တစ်နာရီလောက်ပဲ ကြာတယ်၊ ရှမ်းနီတပ်ရဲ့ဂိတ်ကို ဆက်ပစ်တာ၊ အဲဒီဂိတ်စခန်းကိုလည်း KIA က ဖျက်ဆီးလိုက်ပြီ” ဟု ဆယ်ဇင်းဒေသခံ အခြားအမျိုးသားတစ်ဦးက ဆိုသည်။
တိုက်ခိုက်ခံရသည့် SNA တပ်က နောက်ဆုတ်သွားပြီး ဂိတ်စခန်းအနီး အလောင်းအချို့ ပြန့်ကျဲနေသည်ဟု ဒေသခံများက ပြောသည်။
SNA တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဖုန်းဟန်က ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာနှင့် နယ်နိမိတ်ထိစပ်နေသည့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲမှ ရှေ့တန်းစခန်းငယ်တစ်ခု ယနေ့နံနက်တွင် တိုက်ခိုက်ခံရသည်ဟု အတည်ပြုပြောဆိုသည်။
ဒေသခံအချို့၏ပြောဆိုမှုအရ SNA မှ ထိခိုက်သေဆုံးမှုများရှိသည်ဟု ဆိုသော်လည်း မြေပြင်သတင်းများ အသေးစိတ်မသိရသေးသည့်အတွက် ထိခိုက်ကျဆုံးမှုကို မသိရသေးဟု ဗိုလ်မှူးကြီးစိုင်းဖုန်းဟန်က ပြောသည်။
“အဲဒီစခန်းက ကျွန်တော်တို့ ရှေ့တန်းဂိတ်စခန်းလေးလို့ ပြောလို့ရတယ်၊ သူတို့အင်အားများတော့ နောက်ဆုတ်ပေးလိုက်တဲ့သဘောပါ၊ အခုကတော့ စောင့်ကြည့်နေတယ်” ဟု SNA ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
၎င်းတို့နယ်မြေအတွင်း KIA က ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အင်အားမမျှသည့်အတွက် နောက်ဆုတ်ပေးလိုက်ရပြီး ရှေ့ဆက်တိုးလာပါက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ၎င်းက ပြောသည်။
ဆယ်ဇင်းရွာတိုက်ပွဲများနှင့် ပတ်သက်ပြီး KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်၍ မရသေးသလို စစ်ကောင်စီတပ်ကိုလည်း မေးမြန်းနိုင်ခြင်းမရှိသေးပေ။

ဆယ်ဇင်းကျေးရွာသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နယ်စပ်တွင်ရှိ ပြီး ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်က ဆယ်ဇင်းရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို KIA က ပိတ်ဆို့ တိုက်ခိုက်ခဲ့ သည်။
ဇူလိုင် ၁၆ မှ ၁၉ ရက်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပိတ်မိနေသည့် ၎င်းတို့် စစ်ကြောင်းကို ကယ်တင်ရန်အတွက် လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုနောက် ဆယ်ဇင်းရွာအရှေ့ဘက်ရှိ တာဝါတိုင်စခန်းကုန်းတွင် ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်တင်းကာ စခန်းထိုင်နေခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက် တိုက်ပွဲအတွင်း စစ်ကောင်စီစခန်းကုန်းမှ ပြန်လည်ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်ခု ဆယ်ဇင်းရဲစခန်းအနောက်ဘက်သို့ ကျရောက်ခဲ့ပြီး အသက် ၄၀ ခန့်ရှိသည့် ဒေသခံအမျိုးသားတစ်ဦး နံကြားတွင် ဗုံးစမှန်ပြီး သေဆုံးခဲ့သည်ဟု သိရသည်။
မွန်းလွဲ ၁ နာရီခန့်မှာတော့ ၎င်း၏ အလောင်းကို ဆယ်ဇင်းသုသုန်၌ သွားရောက် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။
နံနက် ၉ နာရီခန့်မှစ၍ တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း ဒေသခံတို့ ဈေးဆိုင်များ၊ တံခါးများ ပိတ်ကာ နေအိမ်အတွင်း၌သာ နေထိုင်ပြီး အခြေအနေစောင့်ကြည့်နေကြသည်ဟု ဆိုသည်။
“လေကြောင်းလာမှာ (တိုက်ခိုက်မှာ) ကို တော်တော်များများက စိုးရိမ်နေကြတာ၊ အရင်တစ်ခေါက်ကလည်း လေကြောင်းကပဲ ဖိထားတာလေ၊ အခုကတော့ ငြိမ်နေတယ်ဆိုပေမဲ့ စိတ်မချရသေးဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် KIA လှုပ်ရှားနယ်မြေများဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့သည်။
ဇူလိုင်တစ်လတည်းတွင် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်နှင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
စစ်အာဏာသိမ်းမှုကို KIA က အတိအလင်း ရှုတ်ချ၊ ကန့်ကွက်ထားသလို စစ်အာဏာရှင်စနစ်ကို ဗမာပြည်သူ၊ ဗမာအဖွဲ့အစည်းများနှင့် လက်တွဲပြီး အမြစ်ပြတ်ချေမှုန်းသွားမည်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားထားသည်။
SNA ကလည်း KIA နှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းမှာ ၎င်းတို့နယ်မြေကို ကျော်လာသောကြောင့် ဖြစ်သည်ဟု ယခင်က ပြောထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)