
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာစာသင်ကျောင်းတွင် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီစခန်းကို ယမန်နေ့ (ဩဂုတ် ၇) နံနက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ အပါအဝင် ဒေသခံ ၁၀ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးအများအပြား သေဆုံးခဲ့သလို PDF ၃ ဦး သေဆုံးသည်။
ထိုနေ့ နံနက် ၅ နာရီခန့်တွင် PDF ပူးပေါင်းအဖွဲ့က အင်အားရာဂဏန်းဝန်းကျင်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်နာရီခွဲခန့် တိုက်ပွဲကြာမြင့်ခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ လေကြောင်း၊ မြေပြင် နှစ်ခုလုံးမှ စစ်ကူများ ရောက်လာ၍ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရသည်ဟု မြိုင်မြို့နယ် PDF ခေါင်းဆောင် ဗိုလ်လယျာ်က ပြောသည်။
“ကျွန်တော်တို့မှန်းတာက (တိုက်ပွဲကို) ၁၅ မိနစ် ၁ နာရီကျော်ကြာတော့ လေကြောင်းလာနိုင်ပြီဆိုပြီး မလိုလားအပ်တဲ့ ဟာတွေဖြစ်မှာစိုးလို့ ဆုတ်လိုက်တာ” ဟု ၎င်းက ဆိုသည်။
စစ်သား အင်အား ၆၀ ၊ ပျူစောထီးအင်အား ၉၀ ခန့်ရှိပြီး အထိုင်ချထားသည့် စခန်း တိုက်ခိုက်ခံရသည့်အတွက် စစ်လေယာဉ် ၄ စီး ရောက်လာပြီး ပခုက္ကူမြို့နယ်၊ ကံမကျေးရွာဘက်ခြမ်းမှ စစ်ကား ၁၄ စီးခန့် စစ်ကူရောက်လာသည်ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ပခုက္ကူမြို့နယ် PDF မှ ပြန်ကြားရေးတာဝန်ခံကလည်း ပြောသည်။
“စစ်ကား ၁၄ စီးလောက် လာတယ်။ ကွန်မန်ဒိုလို ယူနီဖောင်းတွေနဲ့ ဝင်လာတာ။ အင်အား ရာဂဏန်းလောက်ရှိတယ်။ (စစ်တပ်က) မိုင်းတစ်လုံးတော့ ထိတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ချီ (၆၀ ခန့်) သေဆုံးနိင်ကြောင်း PDF များဘက်က ပြောခဲ့ပြီး အသက် ၂၀ ဝန်းကျင်အရွယ် PDF ၃ ဦး သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် အဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံး၊ ဒဏ်ရာရမှုအခြေအနေနှင့် ပတ်သက်ပြီး Myanamr Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တပ်ရင်း၁) က အပါအဝင် ပခုက္ကူမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊ 3 In 1 တပ်ဖွဲ့၊ မိုးပျံရပ်ကျေးပကဖ၊ ပုံတောင်ညီနောင်တပ်ဖွဲ့၊ မကွေး PDF၊ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ MUGDF တပ်ဖွဲ့၊ West Ayeyar Gurilla Force နှင့်ဇာမဏီပြောက်ကျားတပ်ဖွဲ့ စသည့် (၁၀)ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“ရင်ဘတ်တို့ လည်ပင်းတို့ ကျည်ထိ ဆုံးပါတယ်။ သူတို့ကို ကျည်မှန်တော့ သူတို့ကိုင်ထားတဲ့သေနတ်တွေကို အခြား ရဲဘော်တွေကို ပစ်ပေးတယ်။ လက်နက် အဆုံးမခံဘူး”ဟု ဗိုလ်လယျာ်က ပြောသည်။
တပ်ဖွဲ့ဝင်များ၏ မိသားစုလုံခြုံရေးအရ သေဆုံးသွားသူများ၏ အမည်များကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
မြိုင်မြို့နယ်တောင်ပိုင်းနှင့်ပခုက္ကူမြို့နယ်ကြားရှိ တွင်းမကျေးရွာ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်စခန်း ချ သလို ရွာနီးစပ်ချုပ်မှ ပျူစောထီးအဖွဲ့ဝင်များကိုလည်း လက်နက်တပ်ဆင်ပေး၍ သင်တန်းပေးနေသည့်နေရာဖြစ် သည်ဟု ဒေသခံ PDF အဖွဲ့များထံမှ သိရသည်။
“အဲဒီနားမှာ ပျူရွာတွေအများကြီးရှိတယ် အဓိကက တွင်းမပဲ။ တွင်းမက (ရွာကို)ရှေ့နောက်ဘေးတွေကာထားပြီး စာသင်ကျောင်းထဲမှာ တပ်ပုံစံ ဘန်ကာတွေရော မြေကျင်းတွေရော လက်နက်ကြီးထိုင်ဖို့တွေရော စနစ်တကျ လုပ်ထားတာ”ဟု ဗိုလ်လယျာ်က ပြောသည်။
ကပ်လျက်ရှိ သိမ်ကုန်းရွာတွင် ဘုရားပွဲရှိသဖြင့် ရွာနီးစပ်ချုပ်မှ ပျူစောထီးအဖွဲ့ဝင်များ တွင်းမကျေးရွာသို့ ရောက်နေ သည် ဟုဒေသခံ PDF များထံမှ သိရသည်။
ယမန်နေ့တိုက်ပွဲအပြီး စစ်ကောင်စီတပ်က တွင်းမကျေးရွာအတွင်းမှ သံသယရှိသူ ၁၂၀ ခန့်ကို စာသင်ကျောင်း တွင် ဖမ်းဆီးထားသလို ထိုဒေသတစ်ဝိုက် အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းများ ခြေရှုပ်နေသည်ဟု သိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ ထိန်းချုပ်ထားသော နိုင်ငံပိုင်သတင်းစာများတွင် အသက် ၂ နှစ် အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၅ နှစ်အရွယ်ကလေးငယ်၁ ဦး၊ အလယ်တန်းပြ ဆရာမ ၁ ဦးအပါအဝင် စုစုပေါင်း အရပ်သား ၁၁ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရသည်ဟု ယနေ့(ဩဂုတ်၈)တွင် ဖော်ပြသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူမဲပေးရွေးထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ် အာဏာသိမ်း ပြီး ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ချိန်တွင် နိုင်ငံအနှံ့ခုခံမှုများအနက် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း အတွင်း ရှိ ဒေသများလည်း တက်ကြွစွာ ပါဝင်နေသည်။
ထိုသို့ ခုခံမှုများကို စစ်ကောင်စီက လေကြောင်းပါသုံး၍ တိုက်ခိုက်၊ ရွာစဉ်လှည့်မီးရှို့သည့် နည်းဖြင့် တုံ့ပြန်နေသည်ဟု ဒေသခံတို့က ပြောသည်။ သို့သော် စစ်ကိုင်းတိုင်းအစပ်ရှိ မကွေးတိုင်းအတွင်းမှ မြို့နယ်များတွင် ဒေသခံ လက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီကို ပြန်ခုခံနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)