သတင်း

စစ်ကောင်စီက ထီးချိုင့်မြို့တွင် လက်နက်ကြီးနှင့်ပစ်၊ အရပ်သား ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ယနေ့ (ဩဂုတ် ၅) နံနက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်ခဲ့၍ ဈေးရှေ့ရှိ အရပ်သား ၃ ဦး ဒဏ်ရာရခဲ့သည်ဟု ထီးချိုင့်-PDF အဖွဲ့က ပြောသည်။

မြို့အနောက်ဘက်တွင် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် ယနေ့နံနက် မြို့ပေါ်သို့ ပြန်ရောက်လာကြောင်း၊ ထက်ဝက်မှာ ရဲစခန်းအနီးရှိ တောင်ကုန်းပေါ်သို့ ပြန်တက်သွားပြီး ကျန်ထက်ဝက် ဘောလုံးကွင်းတွင် ကျန်ရစ်နေခဲ့သည်ဟု PDF က ဆိုသည်။

ဘောလုံးကွင်းတွင် နားနေသည့် စစ်တပ်ကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည် ဟု ထီးချိုင့်-PDF တပ်ဖွဲ့ဝင်က ပြောသည်။

“စစ်ကြောင်းအမြဲတမ်းထွက်တဲ့အဖွဲ့ပေါ့ဗျာ၊ စစ်ကြောင်းက ပြန်ရင် အဲဒီမှာ သူတို့က နားနေကြ၊ ဒီနေ့လည်း မနေ့က မိချောင်းအိုက်ရွာကနေ ပြန်လာတာ၊ သူတို့မရှိတဲ့အချိန်မှာ မိုင်းထောင်ထားပြီး ပြန်ဝင်လာတဲ့အချိန် အိပ်ချပြီး နားနေတဲ့အချိန်မှာ မိုင်းတစ်ခါတည်း ဆွဲလိုက်တာပေါ့” ဟု ဆိုသည်။

“လောလောဆယ်သိရသလောက်ကတော့ နှစ်ယောက်သေသွားတယ်ပေါ့ဗျာ။ အဲဒီထက်လည်း ပိုနိုင်တယ်ပေါ့။ ကျန်တဲ့ လေး၊ ငါး၊ ခြောက်ယောက်ကတော့ ခြေပြတ်လက်ပြတ်တွေနဲ့ ချက်ချင်း လူနာတင်ကားခေါ်ပြီးတော့မှ ဆေးရုံသယ်သွားတယ်ပေါ့”  

တိုအထိနာသွားသည့် စစ်ကောင်စီတပ်က ချက်ချင်းပင် အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့သလို ရဲစခန်းအနီးရှိ စစ်တပ်ကုန်းကလည်း လက်နက်ကြီးများဖြင့် မြို့ပေါ်ကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်နက်ကြီးကျည်တစ်လုံး ထီးချိုင့်ဈေးရှေ့ ကျရောက်ပေါက်ကွဲခဲ့ပြီး သုံးဘီးမောင်းနှင်သည့် အမျိုးသားတစ်ဦး မေးစေ့နှင့် လက်နှစ်ဖက်တွင် လက်နက်ကြီးစများ ထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးက ဈေးရှေ့က သုံးဘီးသမား‌တွေ ရပ်ထားတဲ့နားကို ကျတာ၊ သုံးဘီးသမားတစ်ယောက် ထိသွားတာ၊ သေတော့မသေဘူး” ဟု အသက် ၄၀ ခန့်ရှိသည့် မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

စျေးရှေ့တွင် သွားလာနေသူများထဲမှ ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း၊ ဒဏ်ရာရသူများကို ထီးချိုင့်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာအခြေအနေများ မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

တိုက်ခိုက်မှုများပြီးသည့်နောက် မြို့ပေါ်ရှိလမ်းဆုံ လမ်းခွမှန်သမျှကို စစ်တပ်က ပိတ်ဆို့ထားလိုက်ပြီး လမ်းသွား၊ လမ်းလာအားလုံးကို စစ်ဆေးနေသည်ဟု သိရသည်။

တိုက်ပွဲဝင်လက်နက်အခက်အခဲရှိတတ်သည့် PDF က မိုင်းဆွဲတိုက်ခိုက်လေ့ရှိရာ ရန်သူကို ရုတ်တရက် ရှာမတွေ့သည့် မိုင်းထိစစ်တပ်ကလည်း အနီးဆုံး ရပ်ကွက်ကျေးရွာများကို ရန်ရှာလေ့ရှိသည်။

ပြီးခဲ့သည့် မတ်လက ထီးချိုင့် သခွတ်ချောင်ကျေးရွာအနီး မိုင်းထိစစ်တပ်က ထိုရွာမှ နေအိမ် ၁၂ လုံးကို မီးရှို့ခဲ့သည်ဟု သိရသည်။ နေပြည်တော်မှ စစ်ကောင်စီပြန်ကြားရေးအရာရှိကမူ စစ်သားများ မီးမရှို့ဟု ရံဖန်ရံခါ ပြောဆိုတတ်သည်။ 

အင်အား အနည်းငယ်သာ သုံးနိုင်တော့သည့် စစ်ကောင်စီတပ်က မြို့နှင့် ဝေးသည့်နေရာများသို့ စစ်ကြောင်းထိုးမှု နည်းလာသည့်အတွက် တိုက်ပွဲငြိမ်နေခြင်းဖြစ်သည်ဟု ထီးချိုင့်-PDF အဖွဲ့က ပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က လူသူ၊ လက်နက်ခဲယမ်းနှင့် ရိက္ခာကို ကုန်းကြောင်းမှသာမက ရေကြောင်းကပါ ပို့ဆောင်နေရာ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ထီးချိုင့်မြို့အခြေစိုက် PDF အဖွဲ့က အဆက်မပြတ် တိုက်ခိုက်လျက် ရှိသည်။

လက်ရှိတွင် ထီးချိုင့်မြို့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် စစ်ကောင်စီက အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေကြောင်း၊ အနောက်ဘက်ကမ်းတွင်လည်း အင်အား ၁၀၀ ကျော်အထိ လှုပ်ရှားနေကြောင်း အဆိုပါ PDF အဖွဲ့ထံမှ သိရသည်။

ထီးချိုင့်မြို့ပေါ်ရှိ မြို့မရဲစခန်းတွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော် တပ်စွဲထားကြောင်း ရဲစခန်းအနီး ရပ်ကွက်နှစ်ခုမှ ပြည်သူများကို ပြီးခဲ့သည့်လများက ရွှေ့ပြောင်းခိုင်းထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက အတည်ပြုထားသည်။

ဒေသတွင်း PDF များသည်  သက်တမ်းရင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIA) ထိန်းချုပ်နယ်မြေတွင် စစ်သင်တန်း တက်ရောက်ခဲ့သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button