
နိုင်ငံတကာ၏ ငွေပေးချေစနစ်ပိတ်ပင်မှုများနှင့် ကြုံတွေ့ရပါက ရှောင်လွှဲနိုင်မည့် Mir ငွေပေးချေကတ်စနစ်ကို မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း အသုံးပြုနိုင်ရန် အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ကြေညာသည်။
ရုရှားအစိုးရ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာကော်မရှင်က ယခုနှစ်အတွင်း စစ်ကောင်စီနှင့် ထပ်မံပြုလုပ်မည့်အစည်းဝေးတွင် ဆွေးနွေးရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းအေဂျင်စီက ရေးသားဖော်ပြသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov၏ ယမန်နေ့ (ဩဂုတ် ၃) နေ့ချင်းပြန် မြန်မာပြည်ခရီးစဉ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည်ဟု ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
“မြန်မာက ဘဏ္ဍာရေးဆိုင်ရာကြီးကြပ်သူတွေနဲ့ အဆက်အသွယ်တွေ တည်ဆောက်ထားပြီးဖြစ်ပါတယ်။ ဒီကိစ္စက ရုရှားဗဟိုဘဏ်ရဲ့ ငွေပေးချေကွန်ရက်အသုံးပြုနိုင်ဖို့ အထူးကိစ္စရပ်အနေနဲ့ (နှစ်နိုင်ငံ) ဗဟိုဘဏ်ကြား ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေထဲမှာ ပါပါတယ်” ဟု Sergey Lavrov က ပြောသည် ဟု TASS သတင်းတွင် ဖော်ပြထားသည်။
ရုရှားငွေပေးချေကွန်ရက်အသုံးပြုနိုင်ရန် စစ်ကောင်စီနှင့် အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးကာ အသေးစိတ်အချက်အလက်များ ဆက်လက်ဆွေးနွေးရန်ရှိသည်ဟု သတင်းက ဆိုသည်။
ယူကရိန်းကို ကျူးကျော်ပြီးနောက် ကမ္ဘာတစ်ဝန်း ဘဏ်အချင်းချင်း ဆက်သွယ်ပေးချေသည့် SWIFT ကွန်ရက်နှင့် နိုင်ငံတကာငွေပေးချေကတ်စနစ်ဖြစ်သည့် ဗီဇာ၊ မာစတာတို့ကို ရုရှားတို့ သုံးခွင့်မရရန် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ပိတ်ပင်ထားသည်။
ထို့ကြောင့် ရုရှားက SWIFT မဟုတ်သည့် ကိုယ်ပိုင်ငွေပေးချေကွန်ရက် Financial Messaging System (FMS) ကို အသုံးပြုလာပြီး ဗီဇာနှင့် မာစကတ်နေရာတွင် Mir ကတ်ကို အစားထိုးသည်။ ထိုအခြေအနေတွင် ရုရှား၏ မိတ်ဖက်ဖြစ်သူ မြန်မာ့အာဏာသိမ်းစစ်ကောင်စီကလည်း ရုရှားဦးဆောင်သည့် ငွေပေးချေးကွန်ရက်တွင်ပါဝင်ရန် စီစဉ်နေခြင်းဖြစ်သည်။
ခရီးသွားကဏ္ဍတွင် ကျပ်နှင့် ရုရှားငွေကြေးစနစ် ရူဘယ်တို့ကို ဖလှယ်အသုံးပြုနိုင်ရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် Mir ငွေပေးကတ်စနစ် အမှုဆောင်အရာရှိချုပ် Vladimir Komlev တို့ ဇွန်လအတွင်းက ရုရှားတွင် ပြုလုပ်သည့် စီးပွားရေးဖိုရမ်တစ်ခု၌ ဆွေးနွေးခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းစာတွင် ဖော်ပြသည်။
ရုရှားနိုင်ငံသားထက်ဝက်ခန့်က နိုင်ငံအတွင်းပေးချေမှု၏ ၂၅ ရာခိုင်နှုန်းကျော်ကို Mir ကတ်စနစ် အသုံးပြုလျက်ရှိသည်။ ထို့ပြင် တူရကီ၊ ဗီယက်နမ်၊ အာမေးနီးယား၊ ဘီလာရုအပါအဝင် ပြည်ပနိုင်ငံ ၁၀ ခုတွင် Mir ကို အသုံးပြုနိုင်သည်ဟု ရုရှားသတင်းအေဂျင်စီ RIA Novosti တည်ထောင်ထားသည့် Russia Beyond ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
SWIFT မဟုတ်သည့် ရုရှားငွေပေးချေကွန်ရက်နှင့် Mir ကတ်စနစ်တို့မှာ အန္တရာယ်များသည့် ဘဏ္ဍာရေးစနစ်များဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံဘဏ္ဍာဝန်ကြီးဌာနက ဆန့်ကျင်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၁၈ တွင် ထုတ်ပြန်သည်။
ထိုစနစ်ကို အသုံးပြုသည့် စီးပွားရေးလုပ်ငန်းတိုင်း ထိခိုက်နိုင်ကြောင်း၊ စစ်ကောင်စီတွင် ဘဏ်စနစ် မိတ်ဆက်ရန် အခွင့်အရေးမရှိကြောင်း၊ ရုရှားငွေပေးချေကွန်ရက်ကို သုံးရန် စီစဉ်ခြင်းမှာ နိုင်ငံတကာပိတ်ဆို့မှုများကို ရှောင်ရှားရန်ဖြစ်ကြောင်း NUG က ပြောထားသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီနှင့် ပတ်သက် ဆက်နွှယ်သူများ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ စစ်ကောင်စီ၏ အဓိက ဝင်ငွေရပေါက်ရလမ်း ဖြစ်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော နိုင်ငံပိုင်လုပ်ငန်းများကို အမေရိကန်နှင့် မဟာမိတ်များက အရေးယူပိတ်ဆို့ထားသည်။
ထိုအခြေအနေတွင် စစ်ကောင်စီကို အလုံးစုံ စီးပွားရေးပိတ်ဆို့နိုင်ရန် SWIFT စနစ် သုံးခွင့် ပိတ်သင့်သည်ဟု ပြည်တွင်း၊ ပြည်ပ တိုက်တွန်း လှုံ့ဆော်မှုများရှိနေ၍ ရုရှားငွေပေးချေစနစ်နှင့် ချိတ်ဆက်ရန် စစ်ကောင်စီက ကြိုးပမ်းခြင်းဖြစ်နိုင်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
အာဏာသိမ်းပြီးနောက်တွင် အရေးယူ၊ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အတွေ့အကြုံနှင့် ခံနိုင်ရည်ရှိကြောင်း၊ မိတ်ဆွေနိုင်ငံအနည်းငယ်ဖြင့် ရှေ့ဆက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင်ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
ထို့နောက်တွင် ရုရှားနိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုများ တိုး၍လုပ်ရန် ဆက်တိုက်ကြိုးပမ်းနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)