သတင်း

အင်းစိန်အုပ်ကြီး ကျည်လေးချက်ဖြင့် ပွဲချင်းပြီး ပစ်သတ်ခံရ

နာမည်ဆိုးနှင့် ကျော်ကြားသည့် ရန်ကုန်မြို့ အင်းစိန်ထောင်ရှိရာ အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့် ယနေ့ (ဩဂုတ် ၄) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားသည်။

ရွာသစ်လမ်းသွယ် ၁ လမ်းနေ အသက် ၅၁ အရွယ် ဦးမျိုးညွန့်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကာ ဦးခေါင်း၊ လက်ဝဲဘက် နားထင်နှင့် နံဘေး၊ လက်ယာဘက် ရင်ဘတ် ကျည်ဆန်လေးချက်ထိ၍ ကွယ်လွန်သည်ဟု သိရသည်။

“သူက စစ်တပ်အငြိမ်းစား၊ အုပ်ချုပ်ရေးမှူးလုပ်နေတာကနေပြီးတော့ (စစ်တပ်သတင်းပေးလို့) နာမည်ထွက်နေတာ ကြာပြီ။ ပထမ နာမည်ထွက်တော့ သူ့ကို စစ်တပ်ခေါ်ထားသေးတယ်။ ရပ်ကွက်ထဲ ပြန်ရောက်လာပြီးတော့ မကြာဘူး အသတ်ခံလိုက်ရတာ” ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း စစ်ကောင်စီက တိတ်တဆိတ်ကွပ်မျက်ခဲ့သော ထင်ရှားသည့် နိုင်ငံရေးသမား၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ(ခ) ဦးကျော်မင်းယု၏ မိသားစု နေထိုင်ရာ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ ၂ လမ်း နေအိမ်သို့ ဇူလိုင် ၂၇ ရက်တွင် စစ်တပ်ထောက်ခံသူများ လာရောက်ခြိမ်းခြောက်ရာတွင် ဦးမျိုးညွန့်လက်ချက်မကင်းဟု အရပ်ထဲတွင် ပြောဆိုကြသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့်ပင် ယခုကဲ့သို့ လုပ်ကြံခံရခြင်းဖြစ်နိုင်ကြောင်း ထိုသူက ဆက်ပြောသော်လည်း အထက်ပါ စွပ်စွဲချက်များ၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

ဦးမျိုးညွန့်ကို ပစ်သတ်သည့် အဖွဲ့ကို စုံစမ်း၍ မရသေးသလို အင်းစိန် ရွာမရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်လည်း လက်ခံဖြေဆိုခြင်းမရှိပါ။

ဧပြီ ၂၁ ရက်ကပင် ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရဖူးပြီး ထိခိုက် ဒဏ်ရာရသူများရှိသည်ဟု သတင်းများထွက်ပေါ်သည်။

စစ်ကောင်စီက အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ရာတွင် ရပ်ကွက် ကျေးရွာများတွင် တာဝန်ယူထားသည့် အုပ်ချုပ်ရေးအာဏာပိုင်များ၊ အမျိုးသားရေးအမည်ခံ အစွန်းရောက်များ၊ ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားအဖွဲ့ (ပျူစောထီး) များ၏ အကူအညီကို အခြေခံ၍ လုပ်ဆောင်နေသည်။

နိုင်ငံအနှံ့တွင် ရရာလက်နက်ဖြင့် စစ်ကောင်စီကို ခုခံနေသူတို့ကလည်း စစ်ကောင်စီပစ်မှတ်များကို ဆက်တိုက် တိုက်ခိုက်နေရာတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှုးများ မကြာခဏလုပ်ကြံခံနေရသည်။

စစ်ကောင်စီ ဥက္ကဋ္ဌကိုယ်တိုင်က အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အတွင်း ရန်ကုန်တစ်မြို့ထဲတွင်ပင် တိုက်ခိုက်မှုပေါင်း ၂၀၀၀ ကျော် ဖြစ်ခဲ့သည်ဟု ယခုလဆန်းတွင် ဝန်ခံထားသည်။

ယင်းကို တန်ပြန်ရန် ၎င်းတို့ကို ထောက်ခံသူများ၊ ရပ်ကွက် ကျေးရွာ အာဏာပိုင်များကို ပြည်သူ့စစ်အမည်ဖြင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button