
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ဟာပါကျေးရွာတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံတစ်ဦးလည်း ဖမ်းဆီး သတ်ဖြတ်ခံရသည်ဟု သိရသည်။
ဇူလိုင် ၂၉ နေ့လယ်ပိုင်းတွင် SNA တပ်က ရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်လာသည်ဟု ဖောင်းပြင်-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ဇေက ပြောသည်။
“သေနတ်တွေဖောက်ပြီးမှ ဝင်လာတဲ့အချိန်မှာ ကျွန်တော်တို့က သွားပစ်တာပေါ့လေ၊ သူတို့ဘက်က တစ်ယောက် ကျပြီးမှ တစ်ယောက် ဒဏ်ရာရတယ်၊ အပြန်အလှန်ပစ်တာတင် ၄၅ မိနစ်လောက် ကြာတယ်” ဟု ၎င်းက ဆိုသည်။
SNA ပြန်ဆုတ်သွားကြောင်း၊ PDF အဖွဲ့ဝင်များမှာ ရွာအတွင်းရှိ အကာအကွယ်ကောင်းများတွင် နေရာယူထားနိုင်ခဲ့သည့်အတွက် ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ပြောသည်။
အထိနာပြီး ပြန်ဆုတ်သွားသည့် SNA တပ်က လမ်းတွင် တွေ့ရသည့် ဒေသခံတစ်ဦးဖြစ်သူ ကိုမိုးလွင်ဆိုသူကို ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်ကြောင်း ဖောင်းပြင်-PDF က ဆိုသည်။
တိုက်ပွဲမဖြစ်ခင်က အဆိုပါ SNA တပ်သားများသည် မြို့မြောက်ဘက် ၁၂ မိုင်ခန့် အကွာတွင်ရှိသည့် စန္ဒားရွာမှ ဦးမင်းနွယ်ဆိုသူကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သေးသည်ဟု PDF မှ ကိုအောင်ဇေက ပြောသည်။
PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ထိုသို့ သွားရောက် ဖမ်းဆီးစဉ် စစ်တပ်က လေ့ကျင့် လက်နက် တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးတို့လည်း SNA နှင့်အတူ ပါလာကြောင်း၊ ပူးပေါင်းအင်အား ၅၀ ခန့် ရှိကြောင်း သူက ဆက်ပြောသည်။
PDF ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
SNA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပစ်ခတ်မှုနှင့် ပတ်သက်ပြီး တိတိကျကျ မသိရသေးဟု ဆိုသည်။
“ကျွန်တော် အသေးစိတ်အချက်အလက် မသိသေးဘူးဗျ၊ ပစ်ကြခတ်ကြတယ်ဆိုတာကိုတော့ ကျွန်တော် ကြားထားပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက Myanmar Now ကို ပြောသည်။
ထို့ပြင် ကိုမိုးလွင် ဖမ်းဆီးသတ်ဖြတ်ခံရသည်၊ ဦးမင်းနွယ်ကို သွားရောက်ဖမ်းဆီးသည်ဟူသော ဖြစ်ရပ်တို့ကိုလည်း မသိကြောင်း၊ SNA အနေဖြင့် ဒေသခံများကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်း မပြုကြောင်း ပြောသည်။
PDF ကသာ SNA ကို တိုက်ခိုက်သည့်ပုံစံ ဖြစ်လာသည်ဟု ဆိုသည်။
“စစ်ကောင်စီကို သူတို့ (PDF) အနေနဲ့ ကိုယ်ရဲ့ခံယူချက်အရ တိုက်နေကြတယ်ဆိုပေမဲ့လို့၊ သူတို့က စစ်ကောင်စီကို မတိုက်ဘဲနဲ့ ကျွန်တော်တို့ SNA ကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်” ဟု ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်နောက်ဆုံးပတ်အတွင်း ဖောင်းပြင်မြို့၏ မြောက်ဘက် နမ့်လမ်းရွာအနီး PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် SNA တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့သည်ဟု ဆက်ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်များတွင် စစ်ကောင်စီတပ်ကို သက်ဆိုင်ရာ မြို့နယ် PDF များက တိုက်ခိုက်ခဲ့ကြသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF တို့အကြား တိုက်ပွဲများ မရှိခဲ့ပေ။
သို့သော် ဖောင်းပြင်၊ ဟုမ္မလင်းစသည့် မြို့နယ်များတွင် SNA နှင့် ဒေသခံ PDF တို့အကြား ပြီးခဲ့သည့် လအနည်းငယ်မှစ၍ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။
SNA သည် ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်တပ်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ရှမ်းနီတိုင်းရင်းသား အများစုနေထိုင်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့နယ်တို့တွင် SNA တပ်များ လှုပ်ရှားနေသည်။
ဖောင်းပြင်နှင့် ဟုမ္မလင်းတွင် ဒေသခံတချို့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံနေရပြီး ဖောင်းပြင်-PDF နှင့် SNA တို့က ထိုအမှုများ ကျူးလွန်ကြောင်း အပြန်အလှန် စွပ်စွဲနေကြသည်။
ပြီးခဲ့သည့် မေလအတွင်းကမူ ဖမ်းဆီးရမိထားသော SNA အဖွဲ့ဝင် ၃ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဖောင်းပြင် PDF က ထုတ်ပြန်ထားသည်။
ဖောင်းပြင်-PDF အဖွဲ့ကို စစ်တပ်အာဏာသိမ်းသည့် ပြီးခဲ့သည့် နှစ်အတွင်း ဖွဲ့စည်းခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)