ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းသည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ဒေါသကို နှိုးဆွသကဲ့သို့ဖြစ်သည်ဆိုပါက ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို သေဒဏ်ပေး ကွပ်မျက်လိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် ပြည်သူ၊ လူထု၏ ဒေါသနှင့် နာကြည်းချက်ကို ထပ်မံ နှိုးဆွလိုက်ခြင်းဖြစ်သည်။
ထိုအချက်မှာ ကွပ်မျက်ပြီးနောက် နေ့စဉ်ဖြစ်ပွားနေသည့် မြို့ပြပြောက်ကျားတိုက်ခိုက်မှုများ၊ ဆန္ဒပြပွဲများ၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများက သက်သေထူနေသည်။
ဇူလိုင် ၂၃ နံနက် ၄း၁၅ တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုယ်တိုင် အနီးကပ် ကွပ်ကဲကာ အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးကွပ်မျက်ခဲ့ခြင်းဖြစ်သည်ဟု အင်းစိန်ထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ဇူလိုင် ၂၅ တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ နိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်သည့် ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုကွပ်မျက်မှုသည် မြန်မာပြည်သူလူထု၏ နာကြည်းစိတ်နှင့် ဒေါသကို ပိုမိုနှိုးဆွပေးသကဲ့သို့ဖြစ်နေပြီး ဆန္ဒပြမှုများ၊ စစ်ကောင်စီထောက်တိုင်များကို ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုအရှိန်မြင့်တင်သွားမည်ဖြစ်သည်ဟု မြေပေါ်သပိတ်အဖွဲ့ဝင်များ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ပြောသည်။
‘ငါတို့ ဘယ်တော့မှ မကြောက်’
ရန်ကုန်၊ သာကေတမြို့နယ်၏ လူနေထူထပ်သည့် လမ်းသွယ်တစ်ခုအတွင်းတွင်ဖြစ်သည်။
“ငါတို့ ဘယ်တော့မှ မကြောက်ဘူး” ဟု ရေးသားထားသည့် အနက်ရောင်ပိတ်စကို ကိုင်ဆောင်ထားသည့် လူငယ် ၄ ဦး ရုတ်တရက် ထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အသင့်စောင့်ဆိုင်းနေသည့် လူငယ်များသည် လမ်း၏ နေရာ အသီးသီးမှ ထပ်မံ ထွက်ပေါ်လာကြသည်။
“လုံးဝ အုပ်ချုပ်လို့ မရစေရ”၊“ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”၊ “ဖိရင်ကြွမယ် ထိရင်ချမယ်” စသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများသည် အထပ်မြင့် လူနေအဆောက်အအုံများကြားမှ ထွက်ပေါ်လာပြီး ရပ်ကွက်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုလူငယ်များထဲတွင် Yangon Revolution Force – YRF အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၂၂ နှစ်အရွယ် ကိုဥက္ကာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
စစ်ကောင်စီ၏ သေဒဏ်အမိန့်ကို ဆန့်ကျင်ရန် ရည်ရွယ်၍ လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ မြို့ပြပြောက်ကျားသပိတ်ကို ရုတ်တရက် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဥက္ကာက ပြောသည်။
“ငါတို့က ဘယ်တော့မှ မကြောက်ဘူးဆိုတဲ့ စိတ်နဲ့ ရန်သူက ဘယ်လိုပဲ ယုတ်မာပြ၊ ယုတ်မာပြ ကျွန်တော်တို့က သူတို့ကို တော်လှန်ဖို့အတွက် ဘယ်တော့မှ ကြောက်ရွံ့သွားမှာလည်း မဟုတ်ပါဘူး။ နောက်ဆုတ်သွားမှာလည်း မဟုတ်ဘူး” ဟု သူက ဆိုသည်။
ပြောက်ကျားသပိတ်ပြုလုပ်မည့် ပတ်ဝန်းကျင်တွင် စစ်ကောင်စီမော်တော်ယာဉ်များ လှည့်လည်နေပြီး ယာဉ်ထိန်းရဲများကလည်း မော်တော်ယာဉ်များကို ပိတ်စို့ စစ်ဆေးနေ၍ ရင်အခုန်ရဆုံးနှင့် စိတ်အပူရဆုံး မြို့ပြပြောက်ကျားသပိတ်တစ်ခုဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ကျွန်တော်တို့ ရဲဘော်တွေရဲ့ ကြွေးကြော်သံဟာ ကြက်သီးမွေးညင်းတွေတောင် ထစေနိုင်လောက်အောင်အထိကို ရဲရင့်တယ်။ ရဲဘော်တွေရဲ့ ရဲရင့်တဲ့စိတ်ကို ဒီနေရာကနေ မှတ်တမ်းတင်ချင်ပါတယ်” ဟု သူက ပြောသည်။
အကျဉ်းထောင်တွင်း ဆန့်ကျင်မှု
ရန်ကုန်တွင် စစ်လက်နက်ပစ္စည်းများဖြင့် ဖမ်းမိသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၄၉ (က)၊ ၅၀ (ဈ)၊ ၅၀ (ည) တို့ဖြင့် စစ်ခုံရုံးတင်ကာ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ကို ဇန်နဝါရီ ၂၁ တွင် သေဒဏ်ပေးရန် စီရင်ချက်ချခဲ့သည်။
ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကိုမူ ၂၀၂၁ မတ်လက လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ဒေါ်ဝင်းသန္တာဆွေဆိုသူ အမျိုးသမီးကို သတ်ဖြတ်မှုဖြင့် လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် စစ်ခုံရုံးက စွဲချက်တင်ကာ သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၂၅ တွင် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာမှ သေဒဏ်ကျခံရမည့် အကျဉ်းသား ၄ ဦးကို ဥပဒေ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ သတင်းထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် ၄ ဦးကို ကွပ်မျက်သည့် သတင်းများ အင်းစိန်အကျဉ်းထောင်တွင် ပျံ့နှံ့သွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြခဲ့ကြသည်။
အင်းစိန်အကျဉ်းထောင်တွင် စစ်တပ်အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်နေကာ ဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်းများကိုလည်း အပြင်ထွက်ခွင့်မပေးဘဲ အဆက် အသွယ်ဖြတ်ထားသည်ဟု အင်းစိန်ထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
“၁၅ ယောက်လောက်ရှိမယ်။ စစ်ခွေး (တိုက်) ကို ပို့ထားတယ်။ ထောင်ကိုလည်း Lockdown (အသွားအလာ ပိတ်ဆို့ ကန့်သတ်မှု) ပြန်ချမလား မသိဘူး” ဟု ၎င်းက ပြောသည်။
ကွပ်မျက်လိုက်သည့် သတင်းကြောင့် အကျဉ်းထောင်မငြိမ်သက်မှုမှာ အင်းစိန်တွင်သာ ပေါ်ပေါက်ခဲ့သည် မဟုတ်ပေ။
ဇူလိုင် ၂၅ ညပိုင်းက မန္တလေး၊ အိုးဘိုအကျဉ်းထောင်တွင်လည်း အကျဉ်းထောင်မငြိမ်သက်မှု ဖြစ်ပွားခဲ့သည်။
ထိုနေ့ည ၉ နာရီခန့်က အိုးဘိုအကျဉ်းထောင်အတွင်းမှ ကြွေးကြော်သံများ ထွက်ပေါ်လာပြီး သေနတ်သံ ၂ ချက် ထွက်ပေါ်လာကြောင်း အကျဉ်းထောင်အနီးတွင် နေထိုင်သူတစ်ဦးက အတည်ပြုသည်။
“သဲသဲကွဲကွဲတော့ မကြားရဘူး။ တစ်ခုခုကို ကြွေးကြော်အော်ဟစ်နေပုံပဲ။ ဆူပူတာ သေချာတယ်။ သေနတ်သံ နှစ်ချက်ကြားရတယ်။ အဲဒီနောက် တိတ်သွားတာပဲ” ဟု ၎င်းက ပြောသည်။
ဇေယျာသော် စစ်ဆင်ရေး
၄ ဦးကို ကွပ်မျက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ မြို့ပြပြောက်ကျားအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီနှင့် အပေါင်းအပါ ထောက်တိုင်များကို တိုက်ခိုက်လက်တုံ့ပြန်သွားမည်ဟု တုံ့ပြန်ခဲ့သည်။
ထို့နောက် ဇူလိုင် ၂၅ ညနေပိုင်းက ရန်ကုန်၊ အင်းစိန်ထောင်ဝင်ပေါက်ကို ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုည ၈ နာရီခန့်တွင် မန္တလေး၊ တောင်သမန်အင်းရှိ ပလစ (၂) တပ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ၏ ထောက်တိုင်များကို ပစ်ခတ်ထားတိုက်ခိုက်မှုများတွင် ဦးဖြိုးဇေယျာသော်ကို ဂုဏ်ပြုထားသည့် “ဇေယျာသော် စစ်ဆင်ရေး” မှာ ထင်ရှားသည်။
နာမည်ကျော် Hip-Hop တေးဂီတ အဖွဲ့ Acid ၏ အဆိုတော်တစ်ဦးဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သော ဦးဖြိုးဇေယျာသော်ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်သည်။
“ဇေယျာသော် စစ်ဆင်ရေး” အမည်ဖြင့် ဇူလိုင် ၂၆ တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ် တပ်စွဲထားသည့် တပ်ကုန်းကျေးရွာကို Yaw Defence Force – Saw နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ကြသည်။
ထို့ပြင် ဇူလိုင် ၂၇ ည ၉ နာရီခန့်ကလည်း “ဇေယျာသော် စစ်ဆင်ရေး” အမည်ဖြင့် ရန်ကုန်၊ သာကေတမြို့နယ် အမှတ် (၁) ရဲစခန်းနှင့် အမှတ် (၂) ရဲစခန်းကို မိနစ်ပိုင်းသာခြားပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
ထိုစစ်ဆင်ရေးကို “ဇေယျာသော် စစ်ဆင်ရေး” ဟု အမည်ပေးထားပြီး မတရားကြိုးပေးသတ်ခံရသူ အာဇာနည် ၄ ဦးအတွက် သွေးကြွေးဆပ်ခြင်းဖြစ်သည်ဟု ဒေါင်းစစ်သည်အဖွဲ့က ထုတ်ပြန်ထားသည်။
မြို့ပြပြောက်ကျားအဖွဲ့ဝင်များ၏ လိုအပ်ချက်များကို ဦးဖြိုးဇေယျာသော်က စီစဉ်ဆောင်ရွက်ပေးခဲ့ရသည်ဟု စစ်ဆင်ရေးများတွင် တွဲဖက်ဆောင်ရွက်ခဲ့ဖူးသူ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။
“ကိုမောင်ကျော်က တိကျတယ်၊ စိတ်ရှည်တယ်၊ အသေးစိတ်ကအစ စနစ်တကျရှိတယ်။ စည်းကမ်းကြီးပေမဲ့ လူငယ်တွေနဲ့ တစ်သားတည်းရှိပေးတတ်တဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်လို့ရတဲ့ လူမျိုးပါ” ဟု သူက ပြောသည်။
ရန်ကုန်အခြေစိုက် Soul Takers (Yangon Underground Force) အဖွဲ့ကလည်း စစ်ကောင်စီ လက်ဝေခံ၊ ထောက်တိုင်များကို တိုက်ခိုက်သည့် အရှိန်မြှင့်တင်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်စွာ ရှင်းလင်းသွားမည်ဖြစ်သည်ဟု ဇူလိုင် ၂၅ တွင် ထုတ်ပြန်သည်။
“ကျွန်တော်တို့တွေ မြို့ပြပြောက်ကျားတွေ ဖမ်းမိတာတွေ အဖမ်းခံရတာတွေရှိတယ်။ ဒါပေမဲ့ နာမည်မရှိ၊ နာမည်မကြီးတဲ့သူတွေ အစမပေါ်ဘဲနဲ့ ဒီအတိုင်းပဲ ပျောက်သွားတာတွေရှိတယ်။ ဒါပေမယ့် သူတို့ ၂ ယောက် အနေအထားနဲ့ကျတော့ နိုင်ငံကရော၊ ကမ္ဘာကရော သိတဲ့သူတွေဖြစ်တော့ ဒါက မဖြစ်လောက်ဘူးလို့ ထင်ခဲ့တာ” ဟု Soul Takers အဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ၏စစ်ကြောရေးတွင် မြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်များ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်ခံရသူ အများအပြားရှိခဲ့သည်ဟု သူက ဆက်ပြောသည်။
“သူတို့ကိုပါ ဒီလိုမျိုးလုပ်လိုက်တဲ့ အခါကျတော့ စိတ်ထဲမှာ ခံပြင်းစိတ်တွေ၊ နာကြည်းစိတ်တွေ ပိုပြီး ဖြစ်မိပါတယ်။ ကျွန်တော်တို့ ပိုပြီးတော့ ဆုံးဖြတ်ချက်လည်း ခိုင်မာလာတယ်။ သူတို့ကို ပိုပြီးတော့ လက်တုံ့ပြန်ချင်စိတ်ကလည်း ပိုပြီးတော့ သေချာလာတယ်” ဟု သူက ဆက်ပြောသည်။
ထို့ပြင် ဇူလိုင် ၂၆ ကလည်း ကွပ်မျက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ပဲခူးတိုင်း တောင်ငူမြို့ရှိ ပျူစောထီးခေါင်းဆောင် လင်းယုန်ကြီး (ခ) အောင်ဇော်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်း၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဒီကောင်တွေရဲ့ လုပ်ရပ်က မတရားမှုကို တော်တော်လေး ဆိုးဆိုးရွားရွားဖြစ်လာတယ်။ သေဒဏ်အမိန့်ပေးတာတို့၊ ထောင်ဒဏ်ချတာတို့က ဒါတွေ မတရားမှုတွေပေါ့။ ကိုဇေယျာသော်တို့ ကိုဂျင်မီတို့ ရဲဘော်လေး ၂ ဦးတို့ကို သေဒဏ်ချတာကတော့ အဆိုးရွားဆုံးပါပဲ” ဟု သူက ပြောသည်။
အလားတူ ဇူလိုင် ၂၇ တွင်လည်း မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် MSRO က ရေးမြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးကြောင်း၊ သေဒဏ်ပေးခံရမှုအပေါ် လက်တုံ့ပြန်သည့် စစ်ဆင်ရေးဖြစ်ကြောင်း ကြေညာထားသည်။
စစ်ကောင်စီ၏ ထပ်မံထိုးနှက်မှု
စစ်ကောင်စီက အကျဉ်းသား ၄ ဦးကို ကွပ်မျက် သတ်ဖြတ်ရုံတင်မက ကျန်ရစ်သူမိသားစုဝင်များ ရှိနိုင်သည့် နေရာများကို လူရမ်းကားများ စေလွှတ်ပြီး ရန်စ၊ သောင်းကျန်းစေသည်။ လက်နက်ကိုင်တို့၏ အကာအကွယ်ရှိနေသည့် ထိုလူရမ်းကားများ ယာယီသောင်းကျန်းသည့် ကာလအတွင်း တိုက်ခိုက်ခံရခြင်း မရှိခဲ့ပေ။
ထိုသို့ သောင်းကျန်းအပြီး ၃ ရက်အကြာတွင် သေဒဏ်ထောက်ခံပွဲဟူသည့် လှုပ်ရှားမှု ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စစ်ကောင်စီတပ်၏ စနစ်တကျဝန်းရံမှုဖြင့် ပေါ်ပေါက်လာသည်။
ထိုပွဲလုပ်မည့်နေရာကို အများပြည်သူ မလာနိုင်စေရန် စစ်တပ်က လမ်းပိတ်ထားကာ စစ်တပ်အင်အားကိုလည်း ကြိုတင်ပြီး အလုံးအရင်းနှင့် ချထားသည်။
စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ လုပ်ရပ်ကို ထောက်ခံပေးရန် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အမျိုးသားရေးအစွန်းရောက် စွမ်းအားရှင်၊ ပျူစောထီး၊ လူရမ်းကားများကို ငွေကြေးပေး စုစည်းစေကာ ဆန္ဒပြပွဲများ မကြာခဏ စီစဉ်လေ့ရှိပြီး အင်းစိန်ထောင်တွင်းကွပ်မျက်မှုကြောင့် ဆန့်ကျင်မှုနှင့် အကြီးအကျယ် ရင်ဆိုင်နေရချိန်တွင် နည်းလမ်းဟောင်းကို ပြန်လည်အသုံးပြုခြင်း ဖြစ်သည်။
စစ်ခုံရုံးအသီးသီးက သေဒဏ်ပေးထားသူများကို ဆက်လက် ကွပ်မျက်သွားမည်ဟု စစ်ကောင်စီက ဆိုသည်။
လက်နက်လိုအပ်ချက်
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ပြည်သူတရပ်လုံးနှင့်အတူ ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်ခဲ့ကြသော ၄ ဦးကို စီရင်လိုက်ခြင်းသည် ပြည်သူလူထုကို ကြောက်ရွံ့စိတ်ဖြစ်ပေါ်လာစေရန် ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။
သို့သော်လည်း ပြည်သူလူထုအနေဖြင့် ကြောက်ရွံ့ခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုအပေါ် နာကြည်းမုန်းတီးစိတ် ပေါ်ပေါက်လာကာ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဟူသောစိတ်ဖြင့် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်သည်အထိ တော်လှန် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ချက် ပိုမိုအားကောင်းခိုင်မာစေခဲ့သည်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ပြည်သူလူထုတစ်ရပ်လုံး၏ ဒေါသနှင့်နာကြည်းစိတ်မှာ အမြင့်ဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး နီးစပ်ရာသူများကို လက်တုံ့ပြန်သွားမည်ကို စိုးရိမ်မိကြောင်း၊ NUG အနေဖြင့် လက်နက်ထောက်ပံ့ရန် လိုအပ် နေကြောင်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၊ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေး၊ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တာဝန်ခံ ဗိုလ်မိုးကြိုးက ပြောသည်။
“ကျွန်တော်တို့မှာ လက်နက်နဲ့ ကျည်ရှိတယ်ဆိုရင် လက်နက်ကိုင်ထားတဲ့သူအချင်းချင်း တိုက်ခိုက်ဖို့ပဲရှိတယ်။ ကျွန်တော်တို့မှာ ဓားပဲ ရှိတဲ့ အခါကျတော့ လက်နက်ရှိတဲ့သူကို သွားမခုတ်ရဲဘူး။ လက်နက်မရှိတဲ့ ရပ်ကွက်ထဲက အုပ်ချုပ်ရေးမှူးကို ခုတ်မယ်၊ ဒလန်လို့ စွပ်စွဲထားတဲ့သူတွေကို ခုတ်ချင်ခုတ်မယ်။ ဒါတွေဟာ ဟုတ်လား၊ မဟုတ်လားဆိုတဲ့ ပြဿနာက အများကြီးပေါ်လာမယ်” ဟု ၎င်းက ဆိုသည်။
ဒေါသထွက်၊ နာကြည်းနေသည့် လက်နက်မဲ့လူထုက နီးစပ်ရာ ပစ်မှတ်ကို တိုက်ခိုက်လျှင် အန္တရာယ်ကျရောက်လာနိုင်သည်ဟု သူက ပြောသည်။
“အဲဒီလို ဖြစ်လာခဲ့ရင် ဒီဖြစ်ရပ်ရဲ့ တရားခံဟာ စစ်ကောင်စီတစ်ခုတည်း မဟုတ်ပါဘူး။ ဒီတော်လှန်ရေးမှာ ဦးဆောင်နေတဲ့သူတွေမှာပါ တာဝန်ရှိပါတယ်” ဟု ၎င်းက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)