သတင်း

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ထောင်ဝင်စာ အထူးတင်းကျပ်ကန့်သတ် 

စစ်အာဏာရှင်အဆက်ဆက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်များတွင် ပါဝင်သည့် မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဇူလိုင် ၁၉ နောက်ပိုင်းမှစ၍ အစားအစာ အသုံးအဆောင် ပို့ခွင့် အထူးတင်းကျပ် ကန့်သတ်နေကြောင်း သိရသည်။ 

ထောင်ဝန်ထမ်းတို့ ပစ္စည်းလက်ခံမှု အချိန်ကန့်သတ်ခြင်း၊ ပစ္စည်းလာပို့သည့် အကျဉ်းသားမိသားစုဝင်ကို အကြိမ်ကြိမ်စစ်ဆေးသည့်အပြင် လက်ကိုင်ဖုန်းကိုပါ စစ်ဆေးခြင်း စသည်တို့ပါ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေသည်ဟု လစဉ် ထောင်ဝင်စာပို့နေသူ အမျိုးသားတစ်ဦးက ဆိုသည်။ 

“အရင်က နေ့လယ်အထိ ထောင်ဝင်စာပို့လို့ရတယ်၊ အခု မနက် ၉ နာရီကနေ ၁၀ နာရီခွဲ အထိပဲ၊ နောက်ပိုင်းလက်မခံတော့ဘဲ နှင်တယ်၊ ပြီးတော့ အရင်လို နှစ်ယောက်ဝင်ခွင့်မရဘူး” ဟု ၎င်းက ဆိုသည်။ 

အကျဉ်းသားတစ်ဦးအတွက် ပစ္စည်းပို့ရာတွင် မိသားစုဝင် တစ်ဦးသာ ဝင်ခွင့်ရသဖြင့် ပစ္စည်းများများသယ်ယူသူဆိုလျှင် အခက်အခဲဖြစ်လာသည်။

သင့်လျော်သည့် အစားအစာ၊​ အသုံးအဆောင်တို့ ရရှိရန် အကျဉ်းသားတို့မှာ မိသားစုဝင်များကိုသာ အားကိုးနေရသည်၊ အထောက်အပံ့မရသူများကို မျှဝေနိုင်ရန် ပစ္စည်းအများအပြားသွင်းသည့် မိသားစုများလည်း ရှိနေသည်။

မိသားစုက ပေးသည့် ပစ္စည်းကို လက်ခံသည့် ဌာနတွင် စုပုံထားပြီး နောက်ပိုင်းတွင် အကျဉ်းသားထံ ရောက်မည် ဖြစ်သည်။ 

အကျဉ်းသားတစ်ဦး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးကလည်း ထောင်ဝင်ပေါက်တွင် လိုအပ်သည်ထက် ပိုမို စစ်ဆေးနေသည်ဟု ပြောသည်။

“လုံခြုံရေးလည်း အရင်ထက် နှစ်ဆထားတယ်။ ပြီးတော့ လူငယ်တွေလာပို့ရင် အဝင်ဝမှာ ဖုန်းတွေပါ ဖွင့်စစ်တယ်။ ဘာအမှုလဲနဲ့ ရစ်တယ်။ ဖုန်းတွေက အရင်ကတည်းက အတွင်းယူလို့မရပါဘူး။ သူတို့ကို အပ်ထားခဲ့ရတာ။ ခုက မသင်္ကာရင် ဖုန်းတွေပါ ဖွင့်စစ်တော့တာ” ဟု သူက ပြောသည်။ 

အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၄ ဦးကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်လိုက်သည့် သတင်းကြောင့် လုံခြုံရေးအပါအဝင် ထောင်ဝင်စာသွားတွေ့သူများကိုပါ တင်းကျပ်နေသည့် အိုဘိုထောင်တွင် ဇူလိုင်လ ၂၅ ရက်ကလည်း ထောင်ဆူပူမှု ဖြစ်ခဲ့သေးသည်။ 

ထောင်အတွင်းမှ ကြွေးကြော်သံများ ထွက်ပေါ်လာပြီးနောက် သေနတ် (၂) ချက်ပစ်ဖောက်ကာ ငြိမ်သက်သွားခဲ့ကြောင်း၊ ထောင်အတွင်းနှင့် ထောင်အနီးရပ်ကွက်များတွင်ပါ ကင်းပုန်းများချထားသည်ဟုလည်း Myanmar Now ၏  သတင်းရင်းမြစ်က ပြောသည်။ 

အဆိုပါ အခြေအနေများကြောင့် ထောင်တွင်းရောက်နေသူများအတွက် ထောင်ပြင်ပမှ ပူပင်နေကြသည်ဟု အကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ 

စစ်ကောင်စီသည် ကိုဗစ်ကပ်ဘေးအကြောင်းပြပြီး ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားဆဲဖြစ်သော်လည်း အထက်ပါ သတင်းရင်းမြစ်သည် အမှုရင်ဆိုင်နေရဆဲအကျဉ်းသားနှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။

အကျဉ်းသားကို စစ်ဆေးသည့် တရားခွင်သို့ သက်သေအဖြစ် သွားရောက် အစစ်ဆေးခံခဲ့ရာမှ ထိုသို့ ခေတ္တတွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း၊ စကားပြောခွင့်လည်း ရခဲ့ကြောင်း သိရသည်။

“ထောင်အတွင်း အဆင်ပြေရဲ့လား မေးတာ၊ ဘာမှမမေးနဲ့၊ ဘေးကလူနှစ်ယောက်မြင်လား၊ အရပ်ဝတ်နဲ့ ရဲနှစ်ယောက်လို့ ပြောတယ်၊ စောင့်ကြည့်နေတယ်၊ သာကြောင်းမာကြောင်းပဲ သိခွင့်ရတယ်” ဟု သူက ပြောသည်။  

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် NLD ပါတီ၏ လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား (၄) ဦးကို ကွပ်မျက်လိုက်ကြောင်း စစ်ကောင်စီက သတင်းစာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်နှင့် မန္တလေးတို့တွင် လုံခြုံရေးတင်းကျပ်နေသည်ကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button