
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တောင်ပိုင်းတွင် မြေမြှုပ်ထားသည့် အမျိုးသားရုပ်အလောင်း ၂ ခု ယနေ့ (ဇူလိုင် ၂၇) တွေ့ရှိသဖြင့် ထိုဒေသတွင် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သူ ၇ ဦးအထိ ရှိလာသည်ဟု ဆိုသည်။
ရုပ်အလောင်း ၅ ခု ယမန်နေ့က တွေ့ရှိခဲ့သည့် ရေမိန်တောင်ရွာ၏ မြောက်ဘက် ၄ မိုင်ခွဲအကွာ မင်းတောရွာအနီး ထိုနှစ်လောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
“မင်းတောရွာ မရောက်ခင် တောလမ်းဘေးမှာ မြှုပ်ထားတာ။… အဲဒီအလောင်းကို မဖော်တော့ဘူး။ သူတို့ကို မြှုပ်ထားတဲ့နေရာမှာ ကျည်ခွံတွေတွေ့တယ်။ မနေ့ညနေတည်းက ရှာတာ၊ မတွေ့ဘူး။ ဒီနေ့မှ တွေ့တာ” ဟု ဆားလင်းကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူ ၂ ဦး၏ အမည်များကို အတည်မပြုနိုင်သေးသော်လည်း အသက် ၃၇ နှင့် ၄၀ ကြား ဖြစ်မည်ဟု ခန့်မှန်းရကြောင်း ၎င်းက ဆက်ပြောသည်။
ဇူလိုင် ၂၅ နံနက်က ဆားလင်းကြီးမြို့နယ်တောင်ဘက် ၈ မိုင်ခန့်အကွာ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိ ရေမိန်တောင်ရွာကို စစ်သားအင်အား ၁၀၀ ခန့်က ဝင်ရောက်စီးနင်းခဲ့သည်။
ရွာသားအများစုမှာ ထွက်ပြေးခဲ့ကြသော်လည်း အမျိုးသား၂၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီးနောက် စစ်တပ်က ယမန်နေ့တွင် ဆားလင်းကြီးမြို့ဘက်သို့ ထွက်ခွာသွားသည်။
ဓားစာခံ ၂၀ ကျော်သည်ဟု ဒေသခံတို့က ကနဦးတွင် ပြောဆိုခဲ့သော်လည်း ဓားစာခံအရေအတွက် ၂၅ ဦး ဖြစ်သည်ဟု Myanmar Now ကို ယနေ့ ညနေပိုင်းတွင် ပြောကြသည်။
စစ်တပ် ပြန်ထွက်သွားချိန်၌ ရေမိန်တောင်ရွာအတွင်း သတ်ဖြတ်ခံထားရသည့် အမျိုးသား ၅ ဦး၏ ရုပ်အလောင်းများကို ဇူလိုင် ၂၆ နံနက်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များက တွေ့ရှိခဲ့ရသည်။
ယမန်နေ့ညပိုင်းကလည်း ရေမိန်ရွာအနောက်ပိုင်းရှိ နွားချေးပုံပေါ်တွင် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သတိလစ် မေ့မြောနေသည်ကို တွေ့ရှိခဲ့သဖြင့် ဆေးကုသပေးနေသည်ဟု PDF ထံမှ သိရသည်။
“သတိမေ့နေတဲ့တစ်ယောက်ကို သေပြီအထင်နဲ့ နွားချေးပုံထဲ ပစ်ထည့်ခဲ့ပုံရပါတယ်။ အဲဒီတစ်ယောက်က မသေဘူးဗျ။ အခု သတိပြန်ရပြီ၊ သူ့ကို ရိုက်နှက်ထားတာ။ ကျောကုန်းမှာလည်း ဖိနပ်ခြေရာတွေ၊ အစင်းရာတွေနဲ့။ သူ့ကို ဘာမှ မေးမရသေးဘူး” ဟု ဆားလင်းကြီး PDF တာဝန်ရှိသူက ပြောသည်။
ဒဏ်ရာအများအပြား ရရှိထားသည့် ထိုအမျိုးသား လမ်းပင် မလျှောက်နိုင်တော့ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ အမျိုးသားကို မြေမြှုပ်ထားသည့် ရုပ်အလောင်းတချို့ ယမန်နေ့က ပေါ်ပေါက်ခဲ့သည့် နေရာနှင့် ခြေလှမ်း ၁၀၀ ခန့်အကွာတွင် တွေ့ရှိရခြင်းဖြစ်သည်ဟု ဆိုသည်။
ဇူလိုင် ၂၆ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်ထွက်သွားချိန်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များ ရွာအတွင်း ဝင်ရောက်ကြည့်ရှုရာ ရေမိန်တောင်ရွာ အနောက်တောင်ဘက် ရွာအစပ်၌ အမျိုးသား ၂ ဦး၏ ရုပ်အလောင်းများကို မြှုပ်နှံထားသည်ကို တွေ့ရသည်။
မနီးမဝေးနေရာတွင်လည်း ဦးခေါင်းတစ်ခြမ်း ပွင့်လျက်သေဆုံးနေသည့် အသက် ၇၀ အရွယ် ဦးချစ်ရွှေနှင့် အသက် ၄၅ နှစ်အရွယ် ဦးအောင်မိုးတို့၏ အလောင်းများကို တွေ့ရှိရသည်။ ရွာမြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ရေမိန်မြောက်ရွာအနီးတွင် ပစ်သတ်ခံထားရသူ အသက် ၄၇ နှစ်အရွယ် ဦးအောင်ခိုင်၏ ရုပ်အလောင်း တွေ့ရှိခဲ့ရသည်။
ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့် ရွာသား ၂၅ ဦးမှာ ပြန်လွတ်လာပြီဟု ကြားသိရသော်လည်း အသေးစိတ်အခြေအနေကို အတည်မပြုနိုင်သေးပေ။
ဒေသအသီးသီးတွင် ဖမ်းဆီးမှု၊ သတ်ဖြတ်မှု ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်နေသော်လည်း အာဏာသိမ်းစစ်ကောင်စီတပ်က သတင်းအမှောင်ချထားဆဲဖြစ်သလို သတင်းသမားတို့၏ ဆက်သွယ်မေးမြန်းချက်အများစုကိုလည်း လျစ်လျူရှုထားဆဲ ဖြစ်သည်။
ဥပဒေအတိုင်း လုပ်ဆောင်နေသည်ဟု ရံဖန်ရံခါ တုံ့ပြန်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)