သတင်း

ဖောင်းပြင်တိုက်ပွဲတွင် နှစ်ဖက် သေဆုံးမှု များပြား

ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ဝန်းကျင် တိုက်ပွဲများတွင် နှစ်ဖက် အကျအဆုံးများသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

ဇူလိုင် ၁၇ ရက်နေ့က မော်လိုက်မြို့နယ်၊ ခါတွန်ရွာအနီး တိုက်ပွဲတွင် ၆ ဦးထက်မနည်း သေဆုံးခဲ့သည့် စစ်တပ်က နောက်တစ်နေ့တွင် စစ်ကူထပ်ဖြည့်ကာ ဖောင်းပြင်မြို့နယ်အတွင်း စတင်ထိုးစစ်ဆင်သည်ဟု ဖောင်းပြင်-PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ဇေက ပြောသည်။

“သူတို့ဘက်က စစ်ကူရောက်လာတဲ့ အခါကျတော့ ကျွန်တော်တို့ဘက်ကို ထိုးစစ်လုပ်တော့၊ ကျွန်တော်တို့က နောက်ဆုတ်လာရတာ၊ မိုင်းထောင်လိုက်၊ နောက်ဆုတ်လိုက်နဲ့ပေါ့‌လေ​” ဟု သူက ဆိုသည်။

ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းက ဖောင်းပြင်မြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ မိုင်းချောင်းရွာသို့ ရောက်ရှိကာ ရွာအနီးတောင်ကုန်း၌ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားခဲ့သည်ဟု သိရသည်။

ဇူလိုင် ၂၂ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် စစ်သည် အင်အား ၂၀ ခန့်က တောင်ကုန်းပေါ်မှ ဆင်းလာကာ မိုင်းချောင်းရွာအတွင်း ဝင်ရောက်ပြီး ရိက္ခာရှာဖွေစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟု PDF က ဆိုသည်။

“အဲဒီရွာက ဈေးဆိုင်တွေထဲကို ဝင်ပြီးတော့ ပစ္စည်းတွေဘာတွေ ယူတဲ့အချိန်မှာ မိုင်းချောင်းရွာထဲမှာ ရှိနေတဲ့ PDF၊ ပကဖ အင်အားတွေနဲ့ စတင်ထိတွေ့တယ်” ဟု ကိုအောင်ဇေက ပြောသည်။

တိုက်ပွဲအတွင်း တောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်ကလည်း စက်သေနတ်၊ ၆၀ မမ၊ ၈၀ မမ အမြောက်များဖြင့် ပစ်ခတ်ခဲ့သည်၊ PDF ရဲဘော် ၁ ဦး ကျည်ထိမှန် သေဆုံးသည်ကို သွားရောက် ကယ်ထုတ်ရာမှ ပကဖ ၇ ဦး သေဆုံးခဲ့သည်ဟု  ဖောင်းပြင်-PDF က ထုတ်ပြန်ထားသည်။

ထိုနေ့တွင် တောင်ကုန်းကို ဝိုင်းပတ်တိုက်ခိုက်ခဲ့ကြသည်၊ နောက်ဆုတ်သွားသည့် စစ်ကောင်စီတပ်ကိုလည်း ယနေ့အထိ လိုက်လံတိုက်ခိုက်နေသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးမှ ၈ ဦးအထိ သေဆုံးနိုင်ပြီး ဒဏ်ရာရသူလည်း များနိုင်ကြောင်း ဖောင်းပြင်-PDF က ပြောသည်။

ဖောင်းပြင်မြို့မှာ စစ်ကိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ကြောင်းပေါ်တွင်ရှိပြီး အိန္ဒိယနယ်စပ် တမူးမြို့၏ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာတွင် ရှိသည်။

ယခုနှစ် ဇန်နဝါရီလမှစ၍ တိုက်ပွဲများ စတင်ဖေါ်ဆောင်လာသည့် ဖောင်းပြင်-PDF အဖွဲ့မှာ မြို့နယ်အတွင်း ရဲစခန်းများ၊ သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များကို အဆက်မပြတ် ကြားဖြတ်တိုက်ခိုက်နေသည်ဟု သိရသည်။

ဖောင်းပြင်တွင် PDF စခန်းနှစ်ခု ဆုံးရှုံးပြီး တပ်ဖွဲ့ဝင် ၃၀ ခန့်အထိ သေဆုံးသည်၊ စစ်ကောင်စီတပ်ဘက်ကလည်း ၈၀ နီးပါး သေဆုံးသည်ဟု ဖောင်းပြင်-PDF ထံမှ သိရသည်။ ထိုကိန်းဂဏန်းနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖောင်းပြင်ဒေသတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ လှုပ်ရှားမှုရှိသလို စစ်တပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ကိုလည်း တွေ့နိုင်သည်။

SNA အတွက် ဆက်ကြေးကောက်သည့် အမျိုးသား ၃ ဦးကို ဖမ်းဆီးထားရာမှ မေလလယ်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု PDF က ရုပ်သံ ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ဖောင်းပြင်ဒေသ အပါအဝင် နိုင်ငံအနှံ့အပြားရှိ တိုက်ပွဲများအကြောင်းကို သတင်းထုတ်ပြန်လေ့မရှိပေ။

အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် စစ်ကိုင်းတိုင်းက ရှေ့တန်းမှ ဦးဆောင်နေပြီး တိုင်းဒေသကြီးတစ်ခုလုံးနီးပါးတွင် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း PDF တို့မှာ လက်လုပ်သေနတ်ကို အားကိုးနေရဆဲဖြစ်သည်။ အဖွဲ့တချို့မှာ တိုက်ပွဲဝင်မောင်းပြန်သေနတ်အပါအဝင် အခြားလက်နက်များကို အိန္ဒိယနယ်စပ်မှလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ထံမှလည်းကောင်း ရနိုင်သည့် လမ်းကြောင်းရှိနေသည်။

PDF များသည် စစ်ဘေးဒုက္ခသည်ကူညီစောင့်ရှောက်ရေး၊ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းများလည်း လုပ်ဆောင်နေသည်၊ မြန်မာပြည်အလယ်ပိုင်းမှ ပြောက်ကျားအဖွဲ့တစ်ခုက UG အမည်ရှိ VPN ဖန်တီးထားပြီး ရန်ပုံငွေရရန် ကြိုးစားနေသည်။

PDF များတွင် နယ်မြေကျွမ်းကျင်မှု၊ လူထုထောက်ခံမှု စသည့် အားသာချက်များ ရှိနေသည်။

စစ်ကောင်စီတပ်၏ အားသာချက်များတွင် လက်နက်ကြီးလက်နက်ငယ် ပြည့်စုံမှု၊ ရဟတ်ယာဉ်သုံးပြီး တပ်ဖြန့်နိုင်မှု၊ လေကြောင်းမှ တိုက်ခိုက်နိုင်မှုတို့ ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button