သတင်း

အကောင့်တုများကို MM Social ဖယ်ရှားမည်ဟုဆို

(ရန်ကုန်) — မြန်မာလူမှုကွန်ရက် MM Social မှ အကောင့်အတုများကို ယခုသီတင်းပတ်တွင် စတင်ဖယ်ရှားတော့မည်ဟု တည်ထောင်သူ ကိုရန်နိုင်မြင့်က Myanmar Now ကို ပြောသည်။

“အကောင့်အတု သေချာရင်တော့ ၎င်းသက်ဆိုင်ရာအကောင့်ကို ဖျက်ဆီးသွားမှာပါ။ မသေချာတဲ့အခြေအနေဆိုရင်တော့ ယာယီ ပိတ်လိုက်မှာဖြစ်ပြီး ထပ်မံ Verify လုပ်ခိုင်းမှာပါ”ဟု ၎င်းက Myanmar Now ကို ပြောသည်။

MM Social တွင် အကောင့်တုများ တွေ့ရှိနေသည်ဟု တည်ထောင်သူက ဝန်ခံခဲ့သော်လည်း အရေအတွက် အတိအကျကို စိစစ်နေသည်ဟု ဆိုသည်။

ကိုရန်နိုင်မြင့်ကို Facebook မှတစ်ဆင့် ဆက်သွယ်မေးမြန်းရာ သူက အကောင့်တုရှင်းလင်းရေးလုပ်ငန်းကို အနာဂတ်တွင် ပိုမိုအာရုံစိုက်မည်ဟု ပြောသည်။

မှားယွင်းပိတ်သိမ်းခံရသည့် ဖြစ်ရပ်မျိုး ဆိုလျှင် ကြိုတင် အသိပေးထားသည့် Email လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်တို့မှတစ်ဆင့် လွယ်လွယ်ကူကူ အကြောင်းကြားနိုင်မည်ဖြစ်ပြီး ပိုင်ရှင်မှန်ကန်ကြောင်း အထောက်အထားပြနိုင်ပါက ၎င်းအကောင့်ကို ပြန်လည်အသုံးပြုခွင့်ပေးမည်ဟုလည်း တည်ထောင်သူထံမှ သိရသည်။

စက်တင်ဘာ ၈ရက်က စတင်မိတ်ဆက်ခဲ့ပြီးနောက် ရက်အနည်းငယ်အတွင်း စမ်းသပ် သုံးစွဲသူ ၁၀,၀၀၀ အထိ ရှိလာသည့် မြန်မာလူမှုကွန်ရက် MM Social ကို အဆိပ်အတောက်ကင်းသည့် ပတ်ဝန်းကျင်တစ်ခုအဖြစ် ဖော်ဆောင်သွားမည်ဟုလည်း တည်ထောင်သူ ကိုရန်နိုင်မြင့်က ပြောသည်။

“ အမုန်းစကား မူဝါဒကို ရေးသားထားပြီးသားပါ။ အမုန်းစကားဆိုပေမယ့် MM Social ရဲ့ အမုန်းစကား ကန့်သတ်မှုက မြန်မာတွေရဲ့ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေနဲ့ ကိုက်ညီတဲ့ ကန့်သတ်မှုတွေ ဖြစ်လာမှာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက် အသုံးပြု သွေးထိုးလှုံ့ဆော်မှုများရှိကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် ယန်ဟီးလီနှင့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် Marzuki Darusman တို့က မေလအတွင်းက သတိပေးခဲ့သည်။

အဆိုပါစွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် အပြင်းအထန်ဝေဖန်ခံခဲ့ရသည့် Facebook သည် အမုန်းတရား တားဆီးရေးအတွက် အလေးထား ဆောင်ရွက်ခဲ့ရသည်။

ပစ်မှတ်ထားပိတ်ဆို့သည့် အစီအစဉ်အတွင်း Facebook သည် အကောင့်တချို့ကို အွန်လိုင်းမှ ဖယ်ရှားခဲ့သည်။

ဤအတောအတွင်း ဆိုရှယ်မီဒီယာ နေရာသစ်ကို ရွေးချယ်သူတို့သည် လတ်တလော ပေါ်ပေါက်လာသော ပြည်တွင်းဖြစ် MM Social ထက် ရုရှားနိုင်ငံမှ VK ကို ပိုမို အသုံးပြုနေကြသည်။

Show More

Related Articles

Back to top button