
နိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းတွင် ယခုလ ၁၃ ရက်က တိုက်ပွဲဖြစ်စဉ် ကျဆုံးခဲ့သည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦး၏ ဖခင်ကို စစ်တပ်က ဖမ်းဆီးထားသည်ဟု သိရသည်။
ကျဆုံးခဲ့ရသူမှာ ပုလောမြို့နယ် PDF အဖွဲ့ဝင် အသက် ၂၀ အရွယ် စော်ဘွားဆိုသူဖြစ်ပြီး ၎င်း၏ဖခင် အသက် ၅၀ အရွယ် ဦးထွန်းမင်းလတ်ဆိုသူကို တိုက်ပွဲဖြစ်ပြီး သုံးရက်အကြာတွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“စော်ဘွားရဲ့ပုံတွေ လိုင်းပေါ်တက်လာပြီးတော့ သူ့အဖေက အဖမ်းခံထိတာဗျ။ သူ့အဖေက ထားဝယ်မှာ နေတာ။ ကားသုံးစီးနဲ့ လာဖမ်းသွားတာ။ ဘယ်မှာရှိနေလဲဆိုတာ အခုထိ မသိရသေးဘူး။ သူ့မိသားစုကိုလည်း ဆက်သွယ်လို့ မရဘူး” ဟု ပုလော PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပုလောမြို့တောင်ဘက် ၈ မိုင်အကွာရှိ ပဝတ်ကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယခုလ ၁၃ ရက် နံနက် ၅ နာရီခန့်တွင် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) နှင့် ပုလော PDF တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးသည့်နည်းတူ KNDO နှင့် PDF ဘက်မှလည်း ရဲဘော် စော်ဘွားအပါအဝင် သုံးဦး သေဆုံးခဲ့သည်။
ရဲဘော်စော်ဘွားကို ရည်စူး၍ ထားဝယ်မြို့တွင် ယခုလ ၁၅ ရက်က ဆွမ်းကပ်အလှူလုပ်ပြီးနောက် ညပိုင်းတွင် ဦးထွန်းမင်းလတ်ကို နေအိမ်၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက ပြောသည်။
“ကိုထွန်းမင်းလတ်လားလို့ မေးပြီးတော့ သူက ဟုတ်တယ်လို့ ပြောလိုက်တယ်။ မေးစရာရှိလို့ ခဏလိုက်ခဲ့တဲ့။ အဲဒီလိုမျိုးပြောတယ်။ ဘာမေးမှာလဲ ဆရာဆိုတော့ ဘာမှပြန်မမေးနဲ့တဲ့။ လိုက်ဆိုလိုက်ခဲ့ဆိုပြီးတော့ ဖုန်းပေးစမ်းဆိုပြီး တောင်းတယ်။ ပြီးတော့ ခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။
ဦးထွန်းမင်းလတ်ကို ဖမ်းဆီးသွားသည်မှာ သုံးရက်ကြာပြီဖြစ်သော်လည်း မည်သည့်နေရာတွင် ထားရှိသည်ကို မသိရဘဲ စစ်ကောင်စီက တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိသေးကြောင်းလည်း ထိုမိသားစုဝင်က ဆိုသည်။
“သားကလည်း ဆုံးသွားပြီ။ အဖေကိုတော့ အမြန်ဆုံးပြန်လာစေချင်တယ်။ ခံစားချက်ကတော့ ကိုယ်ချင်းစာကြည့်လိုက်။ သားလည်းဆုံးရှုံးတယ်။ အဖေလည်း ထပ်ပြီး ဆုံးရှုံးရတော့မယ်”
ရဲဘော်စော်ဘွားမှာ စစ်ကောင်စီကို လက်ကိုင်ခုခံတော်လှန်ရာတွင် မိသားစုဝင်များကိုပင် အသိမပေးခဲ့ကြောင်း၊ သားဖြစ်သူ PDF ထဲ ဝင်သဖြင့် ဖခင်ဖြစ်သူ ဦးထွန်းမင်းလတ်ကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း၌လည်း စစ်တပ်က ဖမ်းဆီးခဲ့သေးသည်ဟု သိရသည်။
ထိုစဉ်က ဦးထွန်းမင်းလတ်ကို ပုလောမြို့ရှိ အမှတ် ၂၈၅ ခြေလျင်တပ်ရင်းတွင် ၁၄ ရက်ကြာ ထိန်းသိမ်းပြီးနောက် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု မိသားစုဝင်ထံမှ သိရသည်။
ထိုသို့ ပြန်လည်လွတ်မြောက်လာပြီးနောက် ဦးထွန်းမင်းလတ်မိသားစုမှာ ပုလောမြို့ကို စွန့်ခွာခဲ့ကာ ထားဝယ်မြို့သို့ ပြောင်းရွှေ့နေထိုင်ရင်း ယခုတစ်ကြိမ် ထပ်အဖမ်းခံရခြင်းဖြစ်သည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)