သတင်း

ကရင်ပြည်နယ်တွင် ရှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၉၉ ကြိမ်ရှိ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေတွင် ရှစ်လတာအတွင်း စစ်ကောင်စီက ၁၉၉ ကြိမ်အထိ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး၊ အရပ်သား ၈ ဦးသေ၊ ၆၃ ဦး ဒဏ်ရာရသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ထံမှ သိရသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်း အကျုံးဝင်သည့် ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် မြဝတီမြို့နယ်များအတွင်း ၂၀၂၁ ဒီဇင်ဘာမှ ယခုနှစ် ဇူလိုင်လဆန်းအထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း KPSN က ယနေ့ (ဇူလိုင် ၁၉) ထုတ်ပြန်သည်။

စစ်ကောင်စီက တစ်ရက်အချင်းအလိုက်လည်း အကြိမ်ရေများစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မေ ၁၈ ရက်တွင် သေဘော့ဘိုး၌ ၃၈ ကြိမ်၊ ဇွန် ၂၉ ရက်၌ ဥကရစ်ထတွင် ၄၉ ကြိမ်၊ ဇူလိုင် ၁ တွင် သေဘော့ဘိုးနှင့် ဥကရစ်ထနယ်မြေ နှစ်ခုပေါင်း ၃၃ ကြိမ်ထိရှိခဲ့ကြောင်း ထိုအစီရင်ခံစာက ဆိုသည်။

အာဏာသိမ်းပြီးနောက်၂၀၂၁၊ မတ်လ ၂၅ ရက်မှစ၍ ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၀၀ ကျော်မှ အိမ်ထောင်စုပေါင်း ၁၆၀၀၀ ကျော်၊ လူဦးရေ ၈၆,၈၅၈ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု KPSN ၏ အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ကြော အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်ရှောင်ရသူအများစုဖြစ်ပြီး ၆၀,၀၀၀ ကျော်ထိရှိသည်ဟု KPSN က ဆိုသည်။

“တစ်ချို့က ထိုင်း-မြန်မာနယ်စပ်ဘက်တွေကို ထွက်ပြေးကြရတယ်။ တစ်ချို့က ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးကြရတယ်။ …. အခြေအနေတွေအရ ထိုင်းစစ်တပ်က ခဏခွင့်ပြုပေမဲ့ ဟိုဘက် (စစ်ကောင်စီ) က လက်နက်ကြီးပစ်သံ ပြန်ငြိမ်သွားရင်တော့ ပြန်မောင်းထုတ်ခံရတာပါပဲ” ဟု စစ်ရှောင် ကရင်တိုင်းရင်းသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်တွင် ယနေ့အချိန်အထိ စစ်ရှောင်ရန် အသင့်ပြင်ထားနေရဆဲဖြစ်ကြောင်း ဒေသခံကရင်တိုင်းရင်းသား ပန်းချီဆရာတစ်ဦးထံမှ သိရသည်။

“အခုဆို ညဘက်တွေလည်း အဆင်သင့်ပြင်ထားရတယ်။ သောင်ရင်းမြစ်ကို တစ်နေ့တည်း အကြိမ်အများကြီးကူးပြီး ရှောင်ခဲ့ရတဲ့နေ့တွေရှိတယ်။ ကျောပိုးအိတ်တစ်ဖက် ကလေးတစ်ဖက်နဲ့ တော်တော်ဒုက္ခရောက်တယ်။ အခုလည်း ပြောနေရင်းနဲ့ လက်နက်ကြီးပစ်နေပြီ” ဟု ဇူလိုင် ၁၈ ရက် ည ၇ နာရီခန့်တွင် ၎င်းက ပြောသည်။

နယ်စပ်ရှိ စစ်ရှောင်များမှာ ယခုအချိန်ထိ လူသားခြင်းစာနာမှုဆိုင်ရာ အထောက်အပံ့များရရှိရန် လိုအပ်နေသေးကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

ဒူးပလာယာခရိုင်တွင် စစ်ကောင်စီက ခြေလျင်တပ်ရင်း ၁၅ ရင်း၊ အမြောက်တပ်ရင်း ၂ ရင်း၊ တနင်္သာရီအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကရင်ပြည်နယ်၊ ဘားအံအခြေစိုက် တပ်မ ၂၂၊ မွန်ပြည်နယ် သထုံမြို့မှ တပ်မ ၄၄ တို့ချထားသည်ဟု KNU ၏ သတင်းရင်းမြစ်အချို့ထံမှ သိရသည်။

ထို့ပြင် မွန်နှင့် ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် (BGF) အင်အား ထောင်ဂဏန်းခန့်ကို စစ်ကောင်စီက ရယူအသုံးပြုနေသည့် သတင်းဖြစ်စဉ်များလည်း ရှိနှင့်ပြီးဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အခြေပြမြေပုံ။ ဓာတ်ပုံ – KPSN

တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များ အသုံးပြု၍ ဖျက်အားပြင်းလက်နက်များဖြင့် အရပ်သားများကို ပစ်မှတ်ထားသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ မည်သို့မျှ ရှေ့ဆက်၍ မရနိုင်တော့ဟု အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားသည့် KNU နိုင်ငံခြားရေးဌာနမှ ပဒိုစောတောနီးက ပြောသည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ တစ်ခါမှ မရခဲ့တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာမယ်ဆိုတာက နောက်ဆုံးတော့ အာဏာသိမ်းတာနဲ့ပဲ အဆုံးသတ်သွားတယ်။ မြန်မာစစ်တပ်အနေနဲ့ အာဏာရရေးတစ်ခုတည်းကိုပဲ လုပ်သွားတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် ပြည်သူ့မဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို ပဒိုစောတောနီးက ရည်ညွှန်းခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ် ဘယ်တော့မှ အလေးမထားဘူး။ လုပ်ချင်ရာလုပ်သွားတယ်။ မြန်မာစစ်တပ်ရဲ့ တွေးခေါ်ပုံတွေနဲ့က အနာဂတ်မှာ ငြိမ်းချမ်ရေးဆွေးနွေးပွဲဆိုတာ မမြင်တော့ဘူး။ မြန်မာစစ်တပ်ဟာ နိုင်ငံရေးကနေ လုံးဝစွန့်ခွာမှ ဖြစ်လိမ့်မယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် အင်အားစုများကို KNU က ၎င်းတို့ နယ်မြေများအတွင်း ခိုလှုံခွင့်ပြုထားသလို စစ်တပ်ကလည်း လေကြောင်း၊ လက်နက်ကြီး သာလွန်အင်အားအသုံးပြု၍ စစ်ဆင်ရေးများ တရစပ်လုပ်နေသည်။

သို့သော် KNU နှင့် မဟာမိတ်အဖွဲ့များပေါင်း၍ ကရင်ပြည်နယ်အတွင်း ဆယ်စုနှစ်အတန်ကြာ တပ်စွဲထားသည့် စစ်ကောင်စီစခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မော်ခီး၊ သေ့ဘောဘိုးနှင့် ဝေါလေရဲစခန်းတိုက်ပွဲများမှာ ထင်ရှားသည်။

အထက်ပါဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စစ်ကောင်စီထံ မေး၍ မရသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button