
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာအနီးတွင် ဇူလိုင် ၁၆ မှစပြီး ရက်ဆက် တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်သည်အထိ တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။
ဇူလိုင် ၁၆ တွင် ဆယ်ဇင်းရွာနှင့် မိုင် ၂၀ ကျော်ခန့်ဝေးသည့် တာမခန်းရွာမှ စစ်ကောင်စီစစ်ကြောင်းတစ်ခု ဆယ်ဇင်းရွာသို့ ဦးတည်ကာ စစ်ကြောင်းထိုးလာရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဆယ်ဇင်းနှင့် တစ်မိုင်ခန့်အကွာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့သည်။
နောက်တစ်နေ့တွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီစစ်ကြောင်း ထွက်ပေါက်ရရန် စစ်လေယာဉ် ၂ စီး လာရောက်တိုက်ခိုက်ခဲ့သည်ဟု အသက် ၃၀ အရွယ် ဆယ်ဇင်းဒေသခံတစ်ဦးက ပြောသည်။
“သူတို့ (စစ်ကောင်စီ) က တောလမ်းအတိုင်း လာခဲ့ကြတော့ ဒီဘက် (KIA) က သတင်းကြားတော့ မက်လင်ချောင်းနေရာမှာ အသင့်စောင့်ပြီးတော့ ထိုင်ပစ်တော့ ထိပ်တိုက် အဲဒီမှာ တိုးကြတာပေါ့၊ မနေ့ကတော့ တစ်နေ့လုံးပဲ သူတို့ကို ဝိုင်းထားတာ” ဟု ထိုအမျိုးသားက ဆိုသည်။
“ဒီမနက် လေယာဉ်နဲ့ ၅ ခေါက် လာပစ်သွားတယ်၊ မနေ့ကတည်းကနေ တိုက်ပွဲဖြစ်နေတဲ့နေရာဘက်ပေါ့။ မက်လင်ချောင်းနားကို ဂျက်ဖိုက်တာနဲ့ ဝဲပြီးတော့မှ ပစ်သွားတာ”
စစ်ကောင်စီတပ်ဘက်တွင် အကျအဆုံးများနေသည်ဟု ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
KIA ပြန်ကြားရေး သတင်းပေ့ချ်ဖြစ်သည့် The Kachin Net တွင် KIA တပ်မဟာ (၉) တပ်ရင်း (၂၆) နယ်မြေဖြစ်သည့် ကျောက်ပုံကျေးရွာအနီး အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း- ခလရ (၄၂) တပ်နှင့် ဇူလိုင် ၁၆ ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဇွန်လ ၂၈၊ ၂၉ ရက်များက ဆယ်ဇင်းရွာအတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်က ဝင်ရောက် စစ်ဆေးခဲ့ပြီး နောက်တစ်ရက်တွင် KIA တပ်က ဆယ်ဇင်းရွာတောင်ဘက်၌ တပ်စွဲခဲ့သည့်အတွက် ဒေသတွင်း စစ်ရေးတင်းမာလာခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
ဆယ်ဇင်းရွာအနီးဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ စစ်ကူရန်အတွက် SNA အင်အား ၁၀၀ ခန့် ယမန်နေ့က စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှ ထွက်ခွာသွားသည်ဆိုသော သတင်းများ ထွက်ပေါ်နေသည်။
အစောပိုင်းတိုက်ပွဲများတွင် SNA တပ်များ မပါဝင်ခဲ့သော်လည်း ယနေ့ မွန်းလွဲ ၁ နာရီခန့်က SNA တပ်များ စစ်ကောင်စီနှင့်အတူ ပါဝင်တိုက်ခိုက်နေသလို ဆယ်ဇင်းရွာအနီး မန်ဇိန်းချောင်းတစ်ဖက်ကမ်းမှ KIA တပ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကာ KIA ကလည်း ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။
SNA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကမူ ထိုသတင်းများ မဟုတ်မှန်ကြောင်း ပြောသည်။
“ဟိုဘက်က KIA တပ်တွေက ဒီဘက်ကို ကျွံဝင်လာလို့ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာတော့ ရှိပါတယ်၊ ကျွန်တော် အသေးစိတ်မသိရသေးဘူး လှမ်းစုံစမ်းနေတုန်းပဲရှိသေးတယ်” ဟု ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဆယ်ဇင်းရွာမှ ဈေးဆိုင်များ အားလုံးပိတ်ထားရပြီး ဒေသခံအားလုံးနီးပါးမှာလည်း ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် ခိုလှုံနေကြရသည်ဟု အသက် (၅၀) ခန့်ရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပစ်ခတ်မှုမရှိ ငြိမ်သက်နေပြီး စစ်ကောင်စီစစ်ကြောင်းမှာလည်း ပိတ်ဆို့ခံထားရဆဲဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
စစ်အာဏာသိမ်းမှုကို အတိအလင်းရှုတ်ချထားသော၊ လက်နက်ကိုင် ခုခံသူများကို ထောက်ခံသော KIA တပ်ဖွဲ့ လှုပ်ရှားသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းတို့တွင် စစ်တပ်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၁ က ဝိုင်းမော်မြို့နယ် နန်ဇော်ယန်ကျေးရွာအနီးရှိ KIA ရှေ့တန်းစခန်းများကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီပူးပေါင်းတပ်ဘက်မှ အကျအဆုံးများခဲ့သည်။
ထို့ပြင် ဇူလိုင် ၁၃ တွင်လည်း တနိုင်းမြို့နယ် တခက်ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို KIA က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မကြာခဏ ပြောကြားလေ့ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် KIA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)