သတင်း

ဘားအံထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၀ ခန့် ထပ်မံပြောင်းရွှေ့ခံရ

ယနေ့ (ဇူလိုင် ၁၆) နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၀ ခန့်ကို အခြားထောင်များသို့ ပြောင်းရွှေ့လိုက်သည်ဟု နီးစပ်သူများနှင့် မိသားစုဝင်အချို့ထံမှ သိရသည်။ 

ဘားအံထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ယခုလ ၉ ရက်တွင် ပဲခူးတိုင်း သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ယခုကဲ့သို့ ထပ်မံပြောင်းရွှေ့ခြင်းဖြစ်ကာ မည်သည့်ထောင်ကို ခေါ်ဆောင်သွားသည် မသိရသေးပေ။ 

ယနေ့ နံနက် ၅ နာရီခန့်က နိုင်ငံရေးအကျဉ်းသား ၄၀ ခန့်ကို ခရီးသည်တင်ယာဉ်နှစ်စီးဖြင့် တင်ဆောင်ကာ ရှေ့နောက် ရဲကားခြံရံလျက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ဘားအံထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

“သူတို့က သတင်းတွေထွက်တာ ဒီထောင်ထဲကပဲ ထွက်တယ်ဆိုပြီးတော့ အဲဒီကလေးတွေ အကုန်လုံးကို ပို့ပစ်လိုက်တာ။ ၂ နှစ်သမားတွေပါ အကုန်လုံး ခေါ်သွားလိုက်တာ” ဟု ၎င်းက ပြောသည်။ 

မည်သည့်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေး၍ မိသားစုဝင်များက စိုးရိမ်နေကြပြီး ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်အတိအကျနှင့် အမည်ကို Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။​

အသက် ၃၀ အရွယ် နိုင်/ကျဉ်း မိသားစုဝင်တစ်ဦးက တောင်ငူထောင်၊ ဒိုက်ဦးထောင်နှင့် သရက်ထောင်သို့ ပို့ဆောင်လိုက်သည်ဟု ကြားသိရသော်လည်း တိတိကျကျ မသိရှိရသဖြင့် စိတ်ပူနေရသည်ဟု ပြောသည်။ 

“ဒီလူတွေကို သူတို့ တာဝန်ယူထားတာပဲလေ။ အနည်းနဲ့အများကတော့ မိသားစုဝင်တွေကို ပြောရမှာပေါ့။ ဘယ်ထောင်ကို ရောက်သွားတယ်ဆိုတဲ့ စာရင်းလေးတော့ ထုတ်ပေးရမှာပေါ့။ ပြီးတော့ လူမသိသူမသိအချိန်မှာ ဘာကိစ္စနဲ့ ပြောင်းရတာလဲ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ 

ယခုလဆန်းပိုင်းက သာယာဝတီထောင်သို့ အကျဉ်းသား ၁၀၀ ပြောင်းရွှေ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၆၀ ခန့် ပါဝင်ခဲ့သည်။

ဘားအံအကျဉ်းထောင်၌ အကျဉ်းချခံထားရသည့် နိုင်ငံရေးသမားများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဒေါ်နန်းခင်ထွေးမြင့်လည်း ပါဝင်ပြီး ၎င်းကို စစ်ကောင်စီက အဂတိအမှု ၅ မှုဖြင့် ထောင်ဒဏ် ၇၅ နှစ် ချမှတ်ထားသည်။ 

ယနေ့ ထောင်ပြောင်းရွှေ့သူများတွင် ဒေါ်နန်းခင်ထွေးမြင့် ပါမပါကိုမူ မသိရပေ။ 

ဘားအံအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များနှင့် နိုင်ငံရေးအကျဉ်းသားများအကြား မကြာခဏ ပဋိပက္ခဖြစ်ပွားလေ့ရှိကာ ပြီးခဲ့သည့် ဇွန်လအတွင်း ထောင်အာဏာပိုင်များ၏ ပစ်ခတ်ရိုက်နှက်မှုကြောင့် နိုင်ကျဉ်း ၂ ဦး ကျည်ဆန်ထိမှန်ခဲ့ပြီး ၆၀ ဦး ဒဏ်ရာ ရရှိခဲ့သည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၁၁,၆၂၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ၁၃၃၃ ဦးကို ထောင်ဒဏ်ချမှတ်ထားသည်ဟု ယမန်နေ့ (ဇူလိုင် ၁၅) တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးထောင်ချလျက်ရှိရာ အကျဉ်းထောင်တွင် ထိန်းသိမ်းခံရသူများသည်လည်း နည်းလမ်းမျိုးစုံဖြင့် လူအခွင့်အရေးချိုးဖောက်ခံနေရကြောင်း တက်ကြွလှုပ်ရှားသူများနှင့် မိသားစုဝင်များက ထုတ်ဖော်ပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ဆိုင်ငံ့ခံထားရပြီး အကျဉ်းထောင် စောင့်ကြည့်လေ့လာရန်နှင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးအပ်နိုင်ရန် ခက်ခဲနေသည်ဟု ပြီးခဲ့သည့် လအတွင်း Myanmar Now ကို ဖြေကြားထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button