
မန္တလေးမြို့တွင် ယမန်နေ့ (ဇူလိုင် ၁၄) က အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့ အပါအဝင် ၄ နေရာ ပေါက်ကွဲမှုဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရသည်ဟု သိရသည်။
ယမန်နေ့ည ၇ နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ ၆၅ လမ်း၊ ၁၀၂လမ်းနှင့် ၁၀၃ လမ်းကြား အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့ ရဲကင်းတဲပေါက်ကွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးအခြေစိုက် တော်လှန်ရေးအဖွဲ့ သုံးခုက ထုတ်ပြန်သည်။
အောင်မြေသာစံမြို့နယ် ၁၃ x ၈၂ လမ်းနှင့် ၈၆ လမ်းကြားရှိ တရားရုံးပေါက်ကွဲမှုသည်လည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထိုအဖွဲ့များ၏ ထုတ်ပြန်ချက်က ဆိုသည်။
အထက်ပါ စစ်ဆင်ရေးနှစ်ခုတွင် တင့်ကားဖျက်အမျိုးအစားမိုင်းများသုံးခဲ့ကြောင်း၊ Kings Cobra Guerilla အမည်ရ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။
“သေနိုင်တဲ့အထိဖြစ်ပါတယ်။ သူတို့ဘက်က ခိုးကြောင်ခိုးဝှက်နဲ့ ဒဏ်ရာရသူတွေကို နန်းတွင်း (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) ထဲ သယ်ပြီး ဆေးကုနေတယ်လို့ သိရပါတယ်။ နောက်ဆက်တွဲသတင်းတွေ ဖုံးထားကြတယ်”
အိန္ဒိယကောင်စစ်ဝန်ရုံးပေါက်ကွဲမှုတွင် အစောင့်ရဲသား ၄ ဦး ထိခိုက်ဒဏ်ရာရသည်ဟု ထိုနေရာအနီး နေထိုင်သူတစ်ဦးထံမှ သိရသည်။
“သေတယ်တော့ မကြားဘူးဗျ။ ရဲလေးဦး ထိခိုက်ဒဏ်ရာရတယ်လို့ပဲ ကြားတယ်။ ဘယ်သူတွေလုပ်သွားလဲ မသိရသေးဘူး။ အခုတော့ အဲဒီလမ်းထဲ စစ်ဆေးနေတယ်” ဟု ၎င်းက ဆိုသည်။
အောင်မြေသာစံမြို့နယ် တရားရုံးပေါက်ကွဲမှုတွင်လည်း စစ်သားနှစ်ဦး ပြင်းထန်စွာဒဏ်ရာရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံအချို့က ပြောသည်။
ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားသည့် ချမ်းမြသာစည်မြို့နယ် ၈၆ လမ်း ဒေါနခြံရပ်ရှိ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်ပေါက်ကွဲမှုတွင်မူ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း အနီးရှိ အမှတ် ၁၀ ရဲစခန်းက ပစ်ခတ်မှုများ လုပ်ခဲ့သည်ဟု ထိုမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
“ဒီ Mytel တိုင်က ဗုံးထုခံရတာ နှစ်ကြိမ်ရှိပြီ။ နှစ်ကြိမ်လုံး အထိအခိုက်တော့ မရှိသေးဘူး” ဟု ထိုသူက ပြောသည်။
Mytel တာဝါတိုင် တိုက်ခိုက်ခံရသည့် အချိန်ခန့်တွင်ပင် မဟာအောင်မြေမြို့နယ် ၆၅ လမ်း ၄၃လမ်းထောင့်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ခဲ့သေးသည်ဟု အထက်ပါ ဒေသခံထံမှ သိရသည်။
ပေါက်ကွဲမှု ၄ ခုနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီထံ မေး၍ မရသေးပါ။ ထိုအထဲမှ နှစ်ခုမှာ ၎င်းတို့လက်ချက်ဟု ဒေသကာကွယ်ရေးအဖွဲ့သုံးခုက ထုတ်ပြောသော်လည်း အခြားနှစ်ခုမှာမူ လက်သည်မပေါ်သေးပေ။
ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်သည့် မြန်မာနိုင်ငံရှိ ဒေသများအတွင်း မန္တလေးမြို့သည် ထင်ရှားစွာပါဝင်သည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ မန္တလေးမြို့အပါအဝင် နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံမှုများ အရှိန်မြင့်နေသည်။
စစ်တပ်က အပြင်းအထန်နှိမ်နင်းနေသော်လည်း မန္တလေးတွင် ဇွန်လမှစ၍ ပြောက်ကျားတိုက်ခိုက်မှုများ ပြန်လည်အားကောင်းလာပြီး မြို့ပေါ်ရှိ စစ်ကောင်စီပစ်မှတ်များ နေ့စဉ်ဆိုသလို တိုက်ခိုက်ခံနေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)