သတင်း

အိုးဘိုထောင်ရှိ နိုင်ကျဉ်းထောင်ဝင်စာပို့သည့်နေရာ သေနတ်ပစ်ဖောက်မှုဖြစ်

ဇူလိုင် ၁၃ တွင် မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ရှိ ထောင်ဝင်စာပို့သည့်နေရာအနီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ သေနတ်ပစ်ဖောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ စုံစမ်း သိရှိရသည်။

မွန်းလွဲ ၃ နာရီခန့်တွင် အကျဉ်းထောင်အရှေ့ဘက်ပေါက် တံခါးဝအနီး အရပ်သားနှင့် ထောင်ဝန်ထမ်းတို့ အချင်းများကြခြင်းဖြစ်သည်ဟု သိရသည်။

“အဲဒီဘက်အပေါက်က အတော်တင်းကျပ်တဲ့အပေါက်။ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာပေးတဲ့နေရာ။ လာတွေ့တဲ့သူတွေနဲ့ အစောင့်ရဲတွေနဲ့ ဖြစ်တာ။ သေနတ်သံ ၆ ချက်လောက် ရှိမယ်။ မိုးပေါ်ပစ်ဖောက်တာ။ သူတို့အချင်းချင်း အော်သံတွေကြားရတယ်။ ဒဏ်ရာရသေဆုံးတာမျိုးတော့ မရှိဘူးဗျ။ ရှိလည်း ပိတ်ထားတဲ့အခြမ်းဘက်ကဆိုတော့ မမြင်ရဘူး” ဟု အိုးဘိုအကျဉ်းထောင်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

“တန်းစီရာကနေ ကြာလို့ ဖြစ်တာလို့ သိရတယ်။ မှတ်ပုံတင် ပြန်မပေးလို့လို့ ကြားရတာပဲ။ ကောင်လေးသုံးယောက်နဲ့ စကားများပြီး (ထောင်ဝန်ထမ်းက) ပစ်ဖောက်တာလို့ ကြားတာပဲ” 

စစ်ကောင်စီလက်ထက် နာမည်ဆိုးဖြင့်ကျော်ကြားသည့် အကျဉ်းထောင်များအနက် တစ်ခုအပါအဝင်ဖြစ်သော အိုးဘိုထောင်၌ ထောင်အာဏာပိုင်များနှင့် နိုင်ငံရေးအကျဉ်းသားများ မကြာခဏပြဿနာဖြစ်ပွားလေ့ရှိပြီး ထောင်ဝန်ထမ်းများက သေနတ်ပစ်ဖောက်၍ ခြိမ်းခြောက်တတ်ကြောင်း နိုင်ကျဉ်းမိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၆ ကလည်း ဆဲဗင်းဇူလိုင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားအချို့ ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားများက ကဗျာရွတ်၊ အလေးပြု၊ တော်လှန်ရေးသီချင်းများ သံပြိုင်ရွတ်ဆိုပြီးနောက် အိုးဘိုထောင်အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းသည်ဟု ဗကသတာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောထားသည်။

ထောင်အာဏာပိုင်များသည် ထောင်အတွင်း ဆူပူမှုများဖြစ်ပွားပါက အကျဉ်းထောင်ထဲမှ အသံများ အပြင်သို့ မထွက်စေရန် ဖြေရှင်းတတ်ကြောင်း အထက်ပါ ထောင်အနီးနေထိုင်သူက ဆိုသည်။

“ထောင်ထဲမှာ တစ်ခုခုအော်ပြီဆိုတာနဲ့ တရားခွေ အကျယ်ကြီးဖွင့်လိုက်တာ။ တစ်ခါတစ်ရံ ည ၂ နာရီလည်း ဖွင့်တယ်၊ ၄ နာရီလည်း ဖွင့်တယ်။ ပတ်ဝန်းကျင်အသိအရ တရားခွေဖွင့်တဲ့အသံကြားရင် ထောင်ထဲမှာ တစ်ခုခုဖြစ်နေပြီ။ အတော် လေး လှမ်းတာဆိုတော့ ထောင်ထဲကအသံကို ကြားရဖို့ကလည်း အတော်မလွယ်ဘူး။ တရားခွေအသံက ဖုံးနေတော့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၅ ကလည်း နိုင်ငံရေးအကျဉ်းသားများထားရှိသည့် အမျိုးသားဆောင်တွင် ထောင်ဝန်ထမ်းများက သံတုတ်ကိုင်ပြီး ရိုက်နှက်ခဲ့ကြရာ ၂ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက ပြောထားသည်။ 

လက်ရှိတွင် မန္တလေးအိုးဘိုအကျဉ်းထောင်၏ တောင်ဘက် ဘော်လီဘောကစားကွင်းတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားကြောင်း မြို့ခံများထံမှ သိရသည်။

အလားတူ ယခုနှစ် ဧပြီ ၃ တွင် စစ်ကိုင်းတိုင်း မုံရွာထောင်၌ ဆူပူမှုဖြစ်ခဲ့ရာတွင် ထောင်အာဏာပိုင်များက ပစ်ခတ် ဖြိုခွင်းခဲ့ကာ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခဲ့သလို မုံရွာသပိတ်ဦးဆောင်ကော်မတီတွင် ပါဝင်သူများ၊ ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ စုစုပေါင်း ၁၅၀ ခန့်ကို မြင်းခြံထောင်နှင့် အိုးဘိုထောင်သို့ ပြောင်းရွှေ့ခဲ့သည်။  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ  စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူ ၁၁၄၈၃ ဦးထက်မနည်း ရှိပြီး ၎င်းတို့အနက်မှ  ၁၂၄၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button