အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပခုက္ကူမှ ရွာ နှစ်ရွာကို စစ်ကောင်စီ မီးရှို့၊ အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ပြာကျ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ယနေ့ (ဇူလိုင် ၈) နံနက် ၉ နာရီခန့်မှစကာ မီးရှို့နေ၍ အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ပြာကျသွားကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံတို့ထံမှ သိရသည်။

ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်အစပ်၊ ယောချောင်းဘေးရှိ ရှားဒူကျေးရွာကို ယနေ့ နံနက်က စတင်မီးရှို့ခဲ့ခြင်း ဖြစ်ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် ကပ်လျက် စိုင်ဖြူရွာကို ဆက်လက်မီးရှို့နေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“(ရှားဒူ) ရွာမြောက်ပိုင်းကို စရှို့တယ်။ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက် ပြာကျသွားပြီ။ အခု စိုင်ဖြူရွာမှာ ရွာလယ်ခေါင်ကနေ စရှို့နေတယ်။ စိုင်ဖြူရွာမှာတော့ ဘယ်လောက်အရှို့ခံရလဲ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

ရှားဒူကျေးရွာသည် အိမ်ခြေ ၁၈၇ အိမ်ရှိပြီး မွန်းလွဲ ၃ နာရီအထိ အိမ်ခြေ ၉၈ အိမ် မီးလောင်ပြာကျပြီးပြီဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က အတည်ပြုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဧရာဝတီမြစ်တစ်ဖက်ကမ်း ပုဂံညောင်ဦးနှင့် မျက်နှာချင်းဆိုင်ရှိ တန့်ကြည်တောင်ဒေသတွင် စခန်းချထားသော စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး ရှားဒူကျေးရွာအနီး ယမန်နေ့က ဖမ်းဆီးခံရပြီးနောက် ည ၇ နာရီခန့်တွင် ကပ်လျက်ဖြစ်သော စိုင်ဖြူရွာကို စစ်သားနှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့် ရောက်ရှိလာသည်။

ထို့နောက် စိုင်ဖြူရွာတွင် ညအိပ် ရပ်နားပြီး နောက်တစ်နေ့ နံနက်တွင် ရှားဒူရွာကို ရောက်လာပြီး ရွာကို မီးရှို့ခဲ့ကာ ယခု စိုင်ဖြူရွာကို ပြန်လာရှို့နေခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။ 

စစ်ကောင်စီတပ်က ပျောက်ဆုံးသူအရေအတွက်မှာ ၁ ဦးထက် ပိုသည်ဟု သိရကြောင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့နှင့် ကျွန်းချောင်းမြို့ အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံက အတည်ပြုသည်။

“ကျွန်တော်တို့ကြားတာကတော့ စစ်သား ၅ ယောက် ပျောက်သွားတယ်လို့ ကြားတယ်။ ကျွန်တော်တို့အဖွဲ့ကတစ်ယောက် ဖမ်းမိထားတယ်။ (ပျောက်တာ) သုံးပွင့်အဆင့်ရှိ ဗိုလ်တစ်ဦးပါတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ စိုင်ဖြူရွာတွင် မီးရှို့နေသော စစ်ကောင်စီတပ်၏ အခြေအနေ မသိရသေးကြောင်း ဒေသခံနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ 

မီးရှို့ခံရမှုကြောင့် လူသေဆုံးမှုရှိမရှိနှင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပေ။

စစ်ကောင်စီကမူ ၎င်းတို့ မီးရှို့ခြင်းမရှိကြောင်း မကြာခဏ တုံ့ပြန်လေ့ရှိသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ပခုက္ကူမြို့နယ်နှင့် ဆိတ်ဖြူမြို့နယ်အစပ်ရှိ ကျေးရွာ ၂၀ ကျော်ကို စစ်သားနှင့်ပျူ ပူးပေါင်းအင်အား ၂၀၀ ခန့်က စစ်ကြောင်းထိုးပြီး ကျေးရွာ ၅ ရွာကို မီးရှို့ခဲ့၍ သက်ကြီးရွယ်အို ၂ ဦး သေဆုံးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ 

ဧရာဝတီတစ်ဖက်ကမ်း ပုဂံ-ညောင်ဦးဘက်မှ ဆိက္ခဝရွာဘက် ရောက်လာသော စစ်ကောင်စီတပ်သား ၂၀၀ ခန့်က ပခုက္ကူမြို့နယ်အတွင်းရှိ တောင်ပလူကျေးရွာကို ဝင်ရောက်လာပြီးနောက် ထိုမှတစ်ဆင့် ဘေးချင်းကပ်ရွာ ၄ ရွာကို ဆက်တိုက် စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ ရာချီကို ဖမ်းဆီး နှိပ်စက်စစ်ဆေးခဲ့သည်။ 

ထို့နောက် တောင်ပလူ၊ အရှေ့ကမ်းဖြူနှင့် ဒဲပြားကျေးရွာများကို မီးရှို့ခဲ့ပြီး အိမ်ခြေ စုစုပေါင်း ၂၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် ဒေသခံတို့က ထိုစဉ်က ပြောသည်။

မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသများဖြစ်သော ပခုက္ကူမြို့နယ် မြစ်ခြေ- ကျွန်းချောင်း၊ ဆိတ်ဖြူ၊ ရေစကြို၊ မြိုင်နှင့် ပေါက်မြို့နယ်များ၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ယော ဒေသများသည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်၍ အပြင်းအထန်ခုခံနေသည်။‌

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles