သတင်း

စစ်ကူလာသည့် စစ်ကောင်စီတပ် မြဝတီ-ဝေါလေကားလမ်းတွင် ကြားဖြတ်တိုက်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း ဝေါလေဒေသအတွင်း အင်အားအလုံးအရင်းဖြင့် တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ (ဇူလိုင် ၇) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ Cobra စစ်ကြောင်းက ယနေ့ ထုတ်ပြန်သည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၂၀၇၊ ခြေမြန်တပ်ရင်း (ခလရ) ၈၊ ခမရ ၂၀၄၊  ခမရ ၉၊ ခမရ ၁၀၂တို့က မြဝတီမြို့နယ် ဖလူးကြီး၊ ဖလူးလေးဒေသတွင် အင်အားစုဖွဲ့ပြီး ဝေါလေဒေသအတွင်း ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်များနှင့်အတူ ဗိုလ်မုတ်သုန် ဦးစီးသည့် နယ်ခြားစောင့်တပ် (BGF) အင်အား ၁၀၀ ခန့်လည်း ပူးပေါင်းတိုက်ခိုက်နေသည်။ 

၂၀၇ တပ်ရင်းသည် မြဝတီမြို့နှင့် ဝေါလေမြို့အကြား မြဝတီ-ဝေါလေ ကားလမ်းမကြီးတစ်လျှောက် တက်လာစဉ် ဒေသအခေါ် သုံးထပ်ကွေ့ အရောက် Cobra စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု Cobra စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

“စစ်ကောင်စီတပ်တွေက ဖလူးကြီး၊ ဖလူးလေးဒေသမှာ စုဖွဲ့ပြီးတော့ မြဝတီ-ဝေါလေ ကားလမ်းမတစ်လျှောက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ ကျူးကျော်လာတာပဲ ဖြစ်ပါတယ်” ဟု Cobra စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။

ထိုင်းမြန်မာ-နယ်စပ် မြဝတီမြို့နှင့် ၃၈ မိုင်ဝန်းကျင်ခန့် ကွာဝေးသည့် ဝေါလေမြို့ရှိ နေရာအများစုကို KNU က ထိန်းချုပ်ထားသည်။ 

စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦး၊ ဆေးမှူး ၁ ဦး အပါအဝင် အလောင်း ၅ လောင်း တွေ့ရှိကြောင်း၊ စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိထားကြောင်း Cobra စစ်ကြောင်း၏ ယနေ့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြဝတီ-ဝေါလေ ကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လဲကျနေပုံ ဓာတ်ပုံမှတ်တမ်းကို Cobra စစ်ကြောင်းက ဇူလိုင် ၈ ၌ ထုတ်ပြန်ထားသည် 

ခမရ-၂၀၇ တံဆိပ် ရိုက်နှိပ်ထားသည့် MA -1 သေနတ်တစ်လက်၊ ၅.၅၆ ကျည် ၄၇၅ တောင့်၊ ကျည်ဘောက် (၄) ခု၊ အီနာဂါ ဗုံးသီးတစ်လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်၌ ပါဝင်သည်။

Cobra စစ်ကြောင်းမှ ယနေ့ ထုတ်ပြန်ထားသော ဒရုန်းဗီဒီယိုတစ်ခုတွင် စစ်ကောင်စီတပ်သားတစ်ဦး လဲကျ သေဆုံးနေပြီး လက်နက်သိမ်းဆည်းရမိခဲ့သည်ကို တွေ့ရသည်။ 

ယနေ့ (ဇူလိုင် ၈) နံနက် ၄ နာရီခွဲခန့်တွင် လေးကေ့ကော်ဒေသရှိ တောင်ကုန်းတစ်ခုပေါ်သို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း Cobra ဘက်က ဆိုသည်။

ဒေသတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုစာရင်းကို အတည်မပြုနိုင်သေးကြောင်း Cobra စစ်ကြောင်းထံမှ သိရသည်။

ထိုင်း- မြန်မာနယ်စပ်အနီး မြဝတီမြို့နယ် ဝေါလေဒေသအတွင်း ‌စစ်ကောင်စီခြေကုပ်စခန်းဖြစ်သော ဥကရစ်ထစခန်းကို KNU လက်အောက်ခံတပ်များက ပြီးခဲ့သည့် ဇွန် ၂၆ ကတည်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ ဒေသအတွင်း တိုက်ပွဲများ အကြီးအကျယ် ဆက်လက်ဖြစ်ပွားနေသည်။

စခန်းမကျစေရေးအတွက် စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်ပါ အကြိမ်ပေါင်းများစွာ အပြင်းအထန်တိုက်ခိုက်ခဲ့သည်။

ဇွန် ၂၇ မှ ဇူလိုင် ၁ ရက်အထိ စစ်ကောင်စီဘက်က  လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၂၅ ကြိမ်အထိ ပြုလုပ်ခဲ့သည်ဟု Cobra စစ်ကြောင်းက ပြောခဲ့ပြီး ထိုတိုက်ခိုက်မှုများအတွင်း ရာနှင့်ချီသော ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို အရပ်သား ၂ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများတွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့  လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ပြီး စစ်ကောင်စီတိုက်လေယာဉ်များသည် ထိုင်းလေပိုင်နက်အတွင်း ဝင်ရောက်ကျူးကျော်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၄ ကလည်း ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ ရက္ခိုင့်တပ်တော် (AA) စခန်းကို ဗုံးကြဲခဲ့သည့် စစ်ကောင်စီ၏ ဂျက်လေယာဉ်နှစ်စီးက တစ်ဖက်နိုင်ငံအတွင်း ဝင်ရောက်သွားကြောင်း AA က ထုတ်ပြန်ခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း AA တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီက အိန္ဒိယနိုင်ငံသား ၂ ဦး တမူးတွင် သတ်ဖြတ်ခံရမှုကို ယနေ့ထုတ် ၎င်းတို့၏သတင်းစာများတွင် တစ်မျက်နှာပြည့်နီးပါး ဖော်ပြခဲ့သော်လည်း နိုင်ငံအနှံ့ ပစ်ခတ်မှုများ၊ ထိုင်းမြန်မာနယ်စပ်တိုက်ပွဲများအကြောင်းကို သတင်းအမှောင်ချထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button