
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မီးရထားဝန်ထမ်းရိပ်သာဟောင်းတွင် ယမန်နေ့ (ဇူလိုင် ၇) နံနက် ပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ ရဲနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိသည်ဟု သိရသည်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးနိုင်ကြောင်း မန္တလေးမြို့ခံ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော Generation Z Power (GZP) က သတင်းထုတ်ပြန်ထားသည့်နည်းတူ ရဲနှစ်ဦး ဒဏ်ရာရကြောင်း ထိုနေရာအနီး နေထိုင်သူ မြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ၇၈ လမ်းနှင့် ၂၈ လမ်းထောင့်ရှိ မီးရထားဝန်ထမ်းရိပ်သာဟောင်းတွင် ပေါက်ကွဲသံတစ်ခု ကြားလိုက်ရပြီး သေနတ်ပစ်ခတ်သံများ တရစပ်ကြားရကြောင်း ထိုနေရာအနီးနေထိုင်သူ အမျိုးသားက ပြောသည်။
“ဗုံးနဲ့ ထုခံရတာ။ အသံကြီးက တော်တော်ကျယ်တယ်။ အဲဒီနောက် အပြန်အလှန်ပစ်ကြတယ်။ သေနတ်သံတွေ ကြားရတယ်။ ဗုံးလာထုသူတွေက လွတ်တယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။
ပေါက်ကွဲမှုအတွင်း အစောင့်ကျနေသည့် ရဲနှစ်ဦး အပြင်းအထန်ဒဏ်ရာရသည်ဟု ကြားရကြောင်း၊ စစ်သားများ အပြေးအလွှားသွားသည်ကို မြင်ရကြောင်းလည်း ၎င်းက ပြောသည်။
“သေတောင် သေနိုင်တယ်လို့ ကြားတယ်။ စစ်ကောင်စီဘက်က ခံရတာ။ လာလုပ်တဲ့ဆိုင်ကယ်နဲ့ ကလေးတွေက လွတ်သွားတယ်” ဟု ပြောသည်။
ရဲနှစ်ဦး ဒဏ်ရာအပြင်းအထန်ရသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ချမ်းအေးသာစံမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ပေါက်ကွဲမှုနှင့်အတူ အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကောင်စီက အင်အားအများအပြားဖြင့် ချမ်းအေးသာစံမြို့နယ်အတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၎င်းတို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း GZP ပြောက်ကျားအဖွဲ့က ဆိုသည်။
ဇူလိုင် ၅ ရက်ကလည်း မန္တလေးမြို့တွင် စစ်ကောင်စီပစ်မှတ်နေရာအချို့ တိုက်ခိုက်ခံရသည်။ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅) ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာပစ္စည်းထိန်းဌာန အမှတ်(၂) စစ်တပ်ဂိတ်ပေါက်နှင့် အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ ဗုံးပစ်ခံရပြီး ပျူစောထီးများ စုဝေးနေသည်ဆိုသော မီးသတ်ရုံးလည်း ပစ်ခတ်ခံရသည်။
မန္တလေးတွင် စစ်ကောင်စီပစ်မှတ်များ မကြာခဏ တိုက်ခိုက်ခံရပြီး ပြီးခဲ့သည့်ဇွန်လအတွင်းကလည်း ဗုံးခွဲတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ဒဏ်ရာရသူများရှိသည့်နည်းတူ အုပ်ချုပ်ရေးမှူးနှင့် ဆက်စပ်သူ လေးဦး သတ်ဖြတ်ခံရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)