သတင်း

ရန်ကုန်တွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်၊ ရက်ပိုင်းအတွင်း ၄ ဦး သေဆုံး

စစ်ကောင်စီတပ်သားအများအပြားက ဆန္ဒပြပြည်သူများ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များကို နေ့စဉ် ရှာဖွေဖမ်းဆီးနေသည့် ရန်ကုန်မြို့တွင် ၃ ရက်အတွင်း စစ်တပ်၏ သတင်းပေး ဒလန်ဟု စွပ်စွဲခံရသူ ၄ ဦးထက်မနည်း ပစ်သတ်ခံရသည်။ 

ယနေ့ (ဇူလိုင် ၇) နံနက်က သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ (၅) လမ်း၊ ရွှေကျားလက်ဘက်ရည်ဆိုင်တွင် အမျိုးသား၂ ဦး ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် ရဲသတင်းရင်းမြစ်များထံမှ သိရသည်။

ပစ်ခတ်ခံရသူများမှာ ရာအိမ်မှူးဟောင်း ရဲထွဋ် (ခ) ကိုငယ်လေးနှင့် ကိုဇော်ထွန်းဦးဆိုသူတို့ ဖြစ်ပြီး သေနတ်သမား ၂ ဦးက စက်ဘီးဖြင့် ရောက်ရှိလာပြီး ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ထို့ပြင် ဇူလိုင် ၅ ရက်နေ့ နံနက်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းသည် ရှင်ထွေးညိုလမ်းရှိ ငွေတောင်ကြီးလက်ဖက်ရည်ဆိုင်မှ ထွက်လာစဉ် ဦးခေါင်းကို ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။ 

ဆိုင်ကယ်နှင့် ရောက်လာသူ ၂ ဦး၏ လက်ချက်ကြောင့် ဦးခင်မောင်သန်း၏ ယာမျက်လုံးတွင် ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ယာမေးစေ့တွင် ထိမှန်ဒဏ်ရာ (၁) ချက်ရရှိခဲ့ကြောင်း Myanmar Now က ဖတ်ရှုရသည့် ရဲထုတ်ပြန်ချက်အရ သိရသည်။ 

ဇူလိုင် ၅ ရက်နေ့တွင်ပင် သာကေတမြို့နယ်၊ မြို့မ ၉ လမ်းရှိ အသက် ၆၃ နှစ်အရွယ် ရာအိမ်မှူး ဦးအောင်သိန်း ပစ်ခတ်ခံရပြီး ဦးခေါင်းနောက်စေ့ကို ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ရဲသတင်းရင်းမြစ်ထံမှ သိရသည်။ 

ဦးအောင်သိန်းတို့လင်မယား နေအိမ်ဧည့်ခန်းရှေ့တွင် ထီးပြင်နေချိန် လူငယ်တစ်ဦး ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဇနီးဖြစ်သူ ဒေါ်ဝိုင်း၏ နောက်စေ့ကိုလည်း သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်၍ သင်္ဃန်းကျွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း အဆိုပါ ရဲသတင်းရင်းမြစ်က ပြောသည်။ 

ဦးသိန်းအောင်တို့လင်မယားမှာ တော်လှန်ရေးအင်အားစုများ၏ သတင်းကို စုံစမ်းကာ စစ်ကောင်စီထံသို့ ပေးပို့ခြင်း၊ လိုက်လံညွှန်ပြခြင်းများ ပြုလုပ်နေ၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု Soul Taker- Yangon Underground Force ဟု အမည်ပေးထားသည့် အဖွဲ့က ဇူလိုင် ၅ တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်အခြေစိုက် ပြောက်ကျားအဖွဲ့များကမူ အဆိုပါအဖွဲ့အမည်ကို ကြားဖူးသိရှိခြင်း မရှိကြောင်း ပြောဆိုကြသည်။ 

ဦးထုပ်အမည်းဆောင်း၊ နှာခေါင်းစည်းတပ်ဆင်ထားသူ သေနတ်သမားက ဦးအောင်သိန်း၏ ဦးခေါင်းကို ပစ်ခတ်ခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ဝိုင်းကို ပစ်ခတ်ခဲ့ရာတွင် ဦးခေါင်းအား ရှပ်ထိသွားခဲ့၍ အနီးတွင် တွေ့သည့် (သံရိုက်) တူဖြင့် ဒေါ်ဝိုင်း၏ ဦးခေါင်းကို မသေမချင်း ထုရိုက်သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်သိန်း၏ မိသားစုဝင်တစ်ဦးက Facebook တွင် ရေးသားထားသည်။

ပစ်ခတ်သတ်ဖြတ်ခံရသူများမှာ စစ်ကောင်စီ၏ ထောက်တိုင်၊ သတင်းပေးများ ဟုတ်၊ မဟုတ်ကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသူများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ဆန္ဒပြသူများသည် တိုင်းရင်းသားလက်နက်ကိုင်များရှိရာ နယ်စပ်ဒေသများသို့ သွားရောက်ခိုလှုံခဲ့ကြပြီး စစ်ပညာများ သင်ကြားခဲ့ကြသည်။ 

စစ်ကောင်စီက ဆန့်ကျင်သူဟု ယူဆရသူများကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေရာ ထိုအကြမ်းဖက်မှုများ ဖြစ်ပေါ်ရန် ကူညီပံ့ပိုးနေသည့် သတင်းပေးများ၊ ဒလန်များမှာ ဒေသခံ တော်လှန်ရေးအဖွဲ့များ၏ အဓိကပစ်မှတ်ဖြစ်လာသည်။ 

စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူများ နှိပ်စက်သတ်ဖြတ်ခံနေရသဖြင့် လက်နက်ကိုင် ခုခံသူတို့က စစ်ကောင်စီခန့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်းပေးများ၊ စစ်သားနှင့် ရဲများကို နေ့စဉ် ပစ်မှတ်ထား တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button