သတင်း

ဝက်လက်အရှေ့ခြမ်းတိုက်ပွဲတွင် PDF နှင့် အရပ်သား ၁၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ယမန်နေ့(ဇူလိုင်၃) က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ တပ်ဖွဲ့ဝင် ၉ ဦးနှင့် အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က အတည်ပြုသည်။

ဇူလိုင် ၂ ရက် ညပိုင်းတွင် ဝက်လက်မြို့နှင့် အရှေ့ဘက် လေးမိုင်အကွာ အိပ်ခြေ ၃၀၀ ကျော်ရှိ မင်းကျေးရွာကို မီးရှို့သည့် စစ်သားရာဂဏန်းခန့်ကို နောက်တစ်ရက် နံနက်ပိုင်းတွင် ၎င်းတို့ သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF တပ်ရင်း (၂) ခေါင်းဆောင်က ပြောသည်။

“မီးရှို့လို့ကို မဖြစ်မနေ တိုက်ရတာ၊ (အမျိုးသားညီညွတ်ရေးအစိုးရ-NUG) စစ်ဒေသကွပ်ကဲရေးရုံးတွေကလည်း ညွှန်ကြားထားတာ မရှိသေးဘူး။ ကိုယ့်ထမင်းရှင်ရွာတွေကို မီးရှို့နေတာကို မနိုင်လို့ ထိုင်ကြည့်နေလည်း ပိုဆိုးမှာပဲဆိုပြီး တိုက်ရတာ”

ကျေးရွာအရှေ့တောင်ဘက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များနှင့် ရွှေဘိုခရိုင် PDF ယာယီတပ်ရင်းများ၊ ကျေးရွာအရှေ့မြောက်ဘက်တွင် ဝက်လက်မြို့နယ် (PDF) တပ်ရင်း (၂ )က တာဝန်ယူ တိုက်ခိုက်ကြောင်း ထိုသူ့ထံမှသိရသည်။

“မနက်ပိုင်း ၇ နာရီလောက်မှာ ရွာခြေကို ကျနော်တို့ကပ်တယ်။ Local (ဒေသတွင်း) အဖွဲ့တွေ များတယ်။ ရွာတွေကို မီးရှို့တော့ မဖြစ်မနေ တိုက်ပွဲဖော်ဆောင်ရာပေါ့။ မိုးကလည်းရွာနေတော့ ကျနော်တို့ရဲ့ (လက်လုပ်) သေနတ်တွေက ထိရောက်တဲ့ ပစ်မှတ်မရောက်ဘူးပေါ့” ဟု ကိုယ်တိုင်တိုက်ခိုက်ခဲ့သည့် ပကဖအဖွဲ့တစ်ဦးက ပြောသည်။

ထိုဒေသတွင် NUG က PDF တပ်ရင်းများကို ခေတ်မီလက်နက် အတန်အသင့် တပ်ဆင်ပေးပြီးဖြစ်သော်လည်း ဒေသကာကွယ်ရေးအဖွဲ့အများစုမှာ လက်လုပ်သေနတ်များသာ ကိုင်စွဲ၍ စစ်ကောင်စီကို ခုခံနေကြရကြောင်း အထက်ပါ သတင်းရင်းမြစ်နှစ်ဦးထံမှသိရသည်။

တိုက်ပွဲအတွင်း သေဆုံးသူအများစုမှာ လက်နက်မပြည့်စုံသည့် ပကဖနှင့် PDF ယာယီတပ်ရင်းများမှဖြစ်ကာ စစ်ကောင်စီကင်းပုန်းနှင့် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်သည်ဟု ရွှေဘိုခရိုင် PDF ယာယီတပ်ရင်း အမှတ် ၁၇ ခေါင်း‌ဆောင် ကိုသာဒီးလူက ပြောသည်။

“ကင်းပုန်းဝပ်တာ မသိတော့ ကျနော်တို့ အားနည်းချက်ဖြစ်သွားတာ။ (စစ်တပ်က) သူတို့နဲ့ မီတာ ၅၀ လောက် ဝေးတော့မှ ပြောင်းခင်းကြားထဲကနေ ကင်းပုန်းဝပ်ပြီး ဗောက်လိုက်ပစ် (တောက်လျှောက်ပစ်) တာ။ ကျနော်တို့ တစ်ချက်မှ ပြန်ပစ်ချိန်ကို မရလိုက်တာ။ ကျွန်တော်တို့ လူတောင် ကယ်ထုတ်လို့မနိုင်တော့ဘူး။ နာရီဝက်လောက်အတွင်း ကျသွားတာ။

ရွှေဘိုခရိုင်ယာယီတပ်ရင်း(၁၇) မှ အဖွဲ့ဝင် ၅ ဦးနှင့် ပကဖအဖွဲ့ဝင် ၄ ဦး ဖြစ်ကြောင်း၊ တိုက်ပွဲအနီးအနားတွင် ရှိနေသည့် ဒေသခံနှစ်ဦးကိုလည်း စစ်သားများက သတ်ဖြတ်သွားခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ပွဲမှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး ပကဖများ အထိနာချိန်တွင် လက်နက် အတန်ငယ်ပြည့်စုံသည့် ၎င်းတို့တပ်ရင်းက ရှေ့သို့ တက်၍ ခုခံကာ ဒေသကာကွယ်ရေးအဖွဲ့များ ဆုတ်လမ်းသာအောင် ဖန်တီးပေးခဲ့ရကြောင်း ဝက်လက်မြို့နယ်PDF တပ်ရင်း (၂) ခေါင်းဆောင်က ပြောသည်။

“ကျွန်တော်တို့ဗျူဟာက မိုင်းခင်းပြီး ထိုင်စောင့်ဖို့ပဲ။ သူတို့ဘက်က(ရွာတောင်ဘက်မှ ပကဖအဖွဲ့) ပိတ်မိပြီဆိုတော့ ကျနော်တို့က ဇွတ်တက်ပစ်ရတာ။ ကျနော်တို့ဘက်ကိုလည်း ဇွတ်ပစ်တော့ တစ်နာရီလောက်ကို ပြင်းပြင်းထန်ထန် တိုက်ရတာ”။

စစ်ကောင်စီဘက်မှ အနည်းဆုံးငါးဦးထိ ကျဆုံးကြောင်း PDF ဘက်က ပြောသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

“ကျနော်တို့မှာက လူအင်အားတော့ရှိတယ်။ ကောင်းမွန်တဲ့စုဖွဲ့မှုပေါ့။ စစ်ရေးဆိုင်ရာ Chain of command (အဆင့်ဆင့်အမိန့်ပေးစနစ်) တည်ဆောက်မှု ဒီအပိုင်းတွေမှာ အားနည်းတယ်ပေါ့။ ပြီးတော့ မိုးရွာနေတော့ ကျွန်တော်တို့သေနတ်တွေက ဘယ်လိုမှ အဆင်မပြေဘူးလေ။ ဒါကြောင့် ကျနော်တို့ အထိနာခဲ့တာ” ဟု အထက်ပါ ပကဖအဖွဲ့ဝင်က ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ NUG နှင့် စစ်ကောင်စီတာဝန်ရှိသူများထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကိုင်းတိုင်း ဝက်လက်မြို့ အရှေ့ခြမ်းတွင် ဇူလိုင် ၃ ရက်က စစ်ကောင်စီနှင့် တိုက်ပွဲအတွင်း သေဆုံးသူများ။

သေဆုံးသူများအနက် အသက် ၁၇ နှစ်အရွယ် ကိုရီဇင်ဖြိုး၏ ရုပ်အလောင်းကို ပြန်ရှာမတွေ့သေးကြောင်း၊ ကျန်သူများကို သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာချိန်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်နေပြီး တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းအတွင်းမှ ဒေသများသည်လည်း ရှေ့တန်းမှ ပါဝင်နေသည်။

ရရာလက်နက်ဖြင့် ခုခံနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့များကို စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းပါသုံး၍ တိုက်ခိုက်လေ့ရှိပြီး ထိုဒေသအတွင်းရှိ ကျေးရွာအများအပြားမှာ မီးရှို့ခံနေရသည်။

အရပ်ဘက် အချက်အလက်ကောက်ယူရေးအဖွဲ့ Data For Myanmar ၏ ဇွန်လဆန်းစာရင်းအရ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကြောင့် နိုင်ငံအနှံ့ မီးလောင်သည့် အိမ်ခြေ ၁၉,၀၀၀ နီးပါးရှိကာ ၁၄,၀၀၀ ဝန်းကျင်မှာ စစ်ကိုင်းတိုင်းမှဖြစ်သည်။

စစ်ကောင်စီကမူ အရပ်သားနေအိမ်များ မီးရှို့မှုမှာ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည်။ သို့သော် ၂၀၁၆- ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ အလားတူကျူးလွန်မှုမျိုးဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စစ်ကောင်စီ အမှုရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button