သတင်း

စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် လှည်းတန်းဈေးတွင် လူအသွားအလာနည်းပါး

ရန်ကုန်၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီးရှိ လမ်းဘေးဈေးကို ယမန်နေ့ (ဇွန် ၃၀) ညပိုင်းတွင် စစ်တပ်က ဝင်ရောက်ဖျက်ဆီးကာ ဈေးဆိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ယနေ့တွင် ထိုနေရာတစ်ဝိုက် လူသွားလူသာနည်းပါးနေကြောင်း သိရသည်။

လှည်းတန်းဈေးနောက်ဘက် ပေ ၅၀ လမ်းပေါ်ရှိ ဈေးဆိုင်များကို စစ်သား ၃၀ ခန့် ဝင်ရောက်လာစဉ် ဈေးသည်များ ထွက်ပြေးခဲ့ကြရကြောင်း၊ ရောင်းချသည့်ပစ္စည်းများ သယ်ယူရန် အချိန်မရခဲ့ကြောင်း ဈေးအနီး နေထိုင်သူတစ်ဦးက ပြောသည်။ 

ဈေးသည်တို့၏ ကုန်စိမ်း၊ ကုန်ခြောက်နှင့် အခြားပစ္စည်းများကို စစ်သားများက ကားပေါ် တင်ယူသွားပြီး ဈေးဆိုင်ဖွင့်လှစ်ရာတွင် အသုံးပြုသော အမိုး၊ ထိုင်ခုံ စသည့်ပစ္စည်းများကို လမ်းပေါ် စုပုံကာ မီးရှို့ခဲ့သည်ဟု ထိုအမျိုးသားက ဆိုသည်။

“(မီးရှို့သွားတာ) ပေ ၅၀ လမ်းတစ်လျှောက်ပဲ။ သုံးနေရာလောက်ပေါ့။ ကျန်တာတွေကတော့ သူတို့သိမ်းလို့ရတဲ့ဟာဆို သူတို့ ကားပေါ်တင်သွားတယ်။ သူတို့ မလိုအပ်ဘူးထင်တဲ့ဟာတွေ လမ်းပေါ်မှာ ပြန့်ကျဲသွားအောင် ချထားခဲ့တာပေါ့” 

လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသော ရုပ်သံမှတ်တမ်းများတွင် စစ်ကားသုံးစီး ရပ်ထားပြီး၊ စစ်သားများက ဈေးဆိုင်မှ ပစ္စည်းများ ကားပေါ် ဗန်းလိုက် တင်ယူသွားသည့်ပြင် ထိုင်ခုံများကို စုပုံမီးရှို့နေသည်ကို တွေ့ရသည်။

ည ၁၀ နာရီခန့်တွင် ထိုနေရာမှ စစ်သားများပြန်ထွက်သွားကြောင်း အထက်ပါ အမျိုးသားထံမှ သိရသည်။​

အဆိုပါဈေးထဲတွင် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ချင်းလူမျိုးခေါင်းဆောင်တစ်ဦးဖြစ်သော ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ခံရသည့်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်အင်အားစု (AJAY) ဆိုသော အဖွဲ့မှ လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။ 

ပြောက်ကျားနည်းဖြင့် ဆန္ဒပြသော လူငယ်များကို နောင်တွင် အားမပေးရဲအောင် ဈေးသည်များကို နှိပ်စက်ခြင်းဖြစ်ကြောင်း ထိုရပ်ကွက်နေအမျိုးသားက ဆိုသည်။

ဈေးအတွင်း ဆန္ဒပြပွဲပြုလုပ်ရာတွင် ဈေးသူဈေးသားများက ထောက်ခံသည့်အတွက် စစ်တပ်က ထိုသို့ လာရောက်ဖျက်ဆီးခြင်းဖြစ်သည်ဟု ကြားမိကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။​

ယနေ့နံနက်တွင် ဈေးရောင်းသူ နည်းပါးလျက်ရှိကာ လမ်းအလယ်တွင် ဈေးသည်တစ်ယောက်မျှ မရှိတော့ကြောင်း ကမာရွတ်မြို့နယ်သတင်းများ ဖော်ပြနေသည့် Kamayut Information ဆိုသည့် Facebook စာမျက်နှာကို ကိုင်တွယ်သူတစ်ဦးက ပြောသည်။

“ဈေးသည်တွေ နည်းသွားတဲ့အပြင် တချို့ဆို မျက်နှာမကောင်းကြဘူး။ သူတို့ဟာတွေ အရှို့ခံရတာဆိုတော့။ နောက်ပြီး သူတို့အချင်းချင်းလည်း ဈေးဝယ်တဲ့သူအချို့ကို ပြောပြနေတယ်။ ဘယ်သူကတော့ ပစ္စည်းဘယ်လောက်ပါသွားတယ်တို့ သရက်သီးဗန်းတွေ ယူသွားတယ်တို့” ဟု ၎င်းက ဆိုသည်။

ယနေ့ နံနက် ၅ နာရီခန့်တွင် စစ်သားအချို့ တစ်ခေါက်ပြန်ရောက်လာပြီး ဈေးတွင်းအခြေအနေကို လာရောက်ကြည့်ရှုသည်ဟုလည်း သိရသည်။

ထိုနေ့က ဈေးအတွင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ကိုဗညားဆိုသူက “စိတ်လည်း မကောင်းဘူး။ ဒေါသလည်း ထွက်ပါတယ်။ ဒါပေမဲ့ သေချာ ခေါင်းအေးအေး စဉ်းစားကြည့်ရင် ကျွန်တော်တို့နဲ့ မိဘပြည်သူလူထုတွေနဲ့ကို ရည်ရွယ်ချက်ရှိရှိ သပ်သျှိုသွေးခွဲတယ်လို့ပဲ ကျွန်တော်တို့မြင်တယ်” ဟု ပြောသည်။

“နောက်ထပ် လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ တခြားသောနေရာတွေမှာ လုပ်ခဲ့ရင် လှည်းတန်းက မိဘပြည်သူတွေရဲ့ ခွန်အားမျိုး မပေးနိုင်အောင် ကျွန်တော်တို့ကြားထဲမှာ သပ်သျှိုသွေးခွဲပေးနေတယ်လို့ပဲ မြင်တယ် ”

သင်္ဃန်းကျွန်းမြို့နယ်နေတွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကလည်း ပြည်သူများ ကြောက်ရွံ့အောင် စစ်ကောင်စီ၏ လုပ်နေကျလုပ်ရပ်သာဖြစ်ကြောင်း မှတ်ချက်ပြုသည်။ 

“တွေ့လိုက်တယ် ဆိုင်ခုံတွေကို မီးရှို့နေတာ။ ပါးတွေရိုက်တယ်လည်း ပြောတယ်။ ဒါပေမဲ့ သူတို့က ဘယ်တုန်းက ပြည်သူတွေကို ကြည့်ဖူးလို့လဲ။ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို မနာလိုစိတ်နဲ့ ဖျက်ဆီးမယ်၊ မီးရှို့မယ် ဒါပဲ လုပ်တတ်တာ။ ကြောက်မလားဆိုပြီးပေါ့”  

“သူတို့ အဲဒီလိုလုပ်လေ ပြည်သူတွေက ပိုနာကြည်းလေပဲ။ နယ်‌တွေမှာဆို ရွာလုံးကျွတ်တွေ မီးရှို့တယ်၊ သတ်တယ် လုပ်နေတာပဲ။ ပြည်သူတွေက လက်နက်ချင်းမယှဉ်နိုင်လို့သာ သည်းခံနေကြတာ။ ဒါပေမဲ့ သူတို့ ကျရှုံးမဲ့နေ့ ရှိလာမှာပါ” ဟုလည်း အထက်ပါ အမျိုးသမီးက ဆိုသည်။ 

စစ်ကောင်စီသည် တိုင်းရင်းသားဒေသများအပါအဝင် လက်နက်ကိုင်ခုံခံတော်လှန်ရေး ပြင်းထန်သည့် စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများကို နေ့စဉ်နှင့်အမျှ ဝင်ရောက်စီးနင်းနေပြီး ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button