အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပျောက်ဆုံး မင်းတပ် CDF အဖွဲ့ဝင် ၂ ဦး ရုပ်အလောင်းပြန်တွေ့

ချင်းပြည်နယ်၊ မင်းတပ်မြို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) က ၎င်းတို့၏ တပ်ဖွဲ့ဝင် ၂ ဦး ယမန်နေ့ (ဇွန် ၂၉) က တိုက်ပွဲဖြစ်ပွားစဉ် ပျောက်ဆုံးသွားခဲ့ပြီး တိုက်ပွဲအပြီးတွင် ၎င်းတို့၏ ရုပ်အလောင်းများကို ဒဏ်ရာအများအပြားနှင့် တွေ့ရသည်ဟု ယနေ့ သတင်းထုတ်ပြန်သည်။

ပလုံတွီရွာမှ စစ်ကောင်စီတပ် ပြန်ထွက်သွားပြီးနောက် ဝင်ရောက်စစ်ဆေးရာ မွန်းတည့်ချိန်ခန့်တွင် ရုပ်အလောင်းများ ရှာတွေ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“နာရေးလုပ်ဖို့ ပြင်ဆင်နေတယ်။ တော်တော်ဆိုးဆိုးဝါးဝါးကို သတ်ဖြတ်ခံထားရတယ်” ဟု CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။ 

စစ်ကောင်စီတပ်က သုံ့ပန်းကို သတ်ဖြတ်ခြင်းဖြစ်နိုင်သော်လည်း တိတိကျကျ မသိရသေးသဖြင့် သတင်းအသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း ဆလိုင်းဟာအွမ်က ဆိုသည်။ 

မင်းတပ်နှင့် မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်နှင့် ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီဝန်းကျင်အထိ ထိုဒေသတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့သည်ဟု CDF မင်းတပ်ထံမှ သိရသည်။

ယမန်နေ့က တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် CDF ဘက်မှ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရကြောင်း CDF မင်းတပ်က ဇွန် ၂၉ တွင် ထုတ်ပြန်ထားသည်။ 

“ကျွန်တော်တို့ဘက်က ကျဆုံးမှုကြောင့် စိတ်ဓာတ်ကျသွားမှာမဟုတ်ဘဲ ဒီထက်ပိုပြီးတော့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားပါမယ်” ဟု ဆလိုင်းဟာအွန်က ပြောသည်။

မင်းတပ်မြို့ပေါ်မှ စစ်ကောင်စီတပ်က အနီးအနားကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုယောမန်က ပြောသည်။

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇွန်လအတွင်း အသက် ၇၀ အရွယ် ၁ ဦး၊ ၁၄ နှစ်အရွယ် ၁  ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးသည်ဟု CDF မင်းတပ်က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ တစ်နှစ်ကျော်ကာလအတွင်း အဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်ခုခံရာ ဒေသတစ်ခုဖြစ်သည့် မင်းတပ်မြို့တွင် လက်နက်ကိုင်ခုခံမှု အရှိန်ကောင်းနေဆဲဖြစ်သည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button