သတင်း

ခင်ဦးတွင် အသက်၂ နှစ်ခွဲကလေး လည်ပင်းကျည်ထိ

ယမန်နေ့ (ဇွန် ၂၉) တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြင်းဒေါင်းရွာကို စစ်ကောင်စီတပ်က ပစ်ခတ်စဉ် အသက် ၂ နှစ်ခွဲအရွယ် မသုသုဝေ လည်ပင်း ကျည်ဆန်ထိမှန်၍ ဒဏ်ရာအပြင်းအထန်ရသွားသည်။

ကလေးငယ်မှာ မန္တလေးတွင် ကုသမှုခံယူနေသည်ဟု ရွာသားတစ်ဦးက ပြောသည်။

“သေနတ်သံတွေကြားတော့ ကလေးကို ပွေ့ပြေးတဲ့အချိန်မှာ ဖခင်ရဲ့ ပခုံးပေါ်တင် မှန်သွားတာ။ လည်ပင်းကို မှန်တာ၊ ဟိုဘက်ဒီဘက် ထုတ်ချင်းဖောက်သွားတာ၊ အစာပြွန်တော့ မထိဘူးပေါ့” ဟု ထိုရွာသားက ပြောသည်။

မြင်းဒေါင်းရွာသည် ရေဦးမြို့အရှေ့ဘက် ငါးမိုင်အကွာတွင် ရှိပြီး အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ရွာကြီးဖြစ်သည်။

ထိုရွာနှင့် တစ်မိုင်အကွာ ရွာသစ်ကုန်းရွာတွင် စစ်သားနှင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားအဖွဲ့ ပျူစောထီး ၅၀ကျော် တပ်စွဲထားပြီး မြင်းဒေါင်းကျေးရွာအတွင်းသို့ ရိက္ခာများ မကြာခဏ လာယူလေ့ရှိကြောင်း၊ ၎င်းတို့ကလည်း စောင့်ကြိုတိုက်ခိုက်လေ့ရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ KSO ခေါင်းဆောင် ကိုလရောင်က ပြောသည်။

“ဆိုင်ကယ်သုံးစီးလောက်နဲ့ တစ်စီးနှစ်ယောက်နှုန်း ခြောက်ယောက်တို့ အမြဲတမ်းလာနေတော့ ရင်းအဖွဲ့က စောင့်ပြီးတော့ အပြန်လမ်းမှာ စောင့်ပစ်တာပေါ့။ စစ်ကောင်စီကလည်း (ဇွန် ၂၉ ရက်နေ့က) ရွာအဝင်မှာ ကင်းပုန်းချထားပြီးတော့ အဲဒီကင်းပုန်းကလည်း ပြန်လိုက်ပစ်တော့ အပြန်အလှန်ပစ်တာပေါ့” ဟု  ၎င်းက ပြောသည်။

ထိုတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရှိရသေးပေ။

ခင်ဦးမြို့နယ်အတွင်း ခင်ဦးမြို့အပါအဝင် ကျေးရွာလေးရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားသလို ရေဦးမြို့ဘက်မှလည်း စစ်ကြောင်းများ ဆင်းလာလေ့ရှိကြောင်း ခင်ဦးမြို့နယ် PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“တပ်စွဲထားတဲ့ နေရာအများစုကတော့ (စစ်သား) တပ်စိတ်တစ်စိတ်စာနဲ့ ဗိုလ်ကြီးတစ်ဦးနဲ့ ပျူတွေ ပေါင်းတပ်စွဲထားတာ။ ရေဦးက ခရိုင်မြို့ဖြစ်သွားပြီဆိုတော့ ရေဦးမှာ အထိုင်ချပြီး ခွထိန်းထားတာ။ ရေဦးမှာ အားတာနဲ့ ဒီဘက်တွေ ထွက်ထွက်လာတာပေါ့” ဟု ၎င်းက ပြောသည်။

ခင်ဦးမြို့နယ်သည် အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်တပ်လက်ချက်ဖြင့် အိမ်ခြေ ၁၄၀၀ကျော် မီးရှို့ခံထားရကြောင်း၊ တိုက်ပွဲတစ်ရာကျော်အတွင်း ကာကွယ်ရေးအဖွဲ့များဘက်မှ ၁၄၂ ဦးအထိ ကျဆုံးခဲ့ကြောင်း KSO အဖွဲ့၏မှတ်တမ်းများအရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ မှစ၍ ဇွန်လ ၂၉ ရက်နေ့အထိ စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အနည်ဆုံး ပြည်သူနှစ်ထောင်ကျော် သေဆုံးခဲ့ရကြောင်း၊ အသက် ၁၅ နှစ်အောက် ကလေးငယ် ၈၀ နီးပါး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

AAPP၏ အချက်အလက်များကို ငြင်းလေ့ရှိသည့် စစ်ကောင်စီထံ အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မေး၍ မရသေးသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

နိုင်ငံအနှံ့ခုခံမှုများအတွင်း စစ်ကိုင်းတိုင်းသည် အားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီက တုံ့ပြန်တိုက်ခိုက်စဉ် အရပ်သားများကိုပါ ပစ်မှတ်ထားနေသည်။

မေလ ၁၀ ရက်နေ့က မုန်တိုင်ပင်ရွာကို စစ်တပ် ဝင်ရောက်စီးနင်းစဉ် ရွာသူရွာသား ၃၀ နီးပါးကို သတ်ဖြတ်ခဲ့သည်။ စစ်တပ်ပြန်ထွက်သွားပြီးနောက် မူးမြစ်ကမ်းဘေးရွာတွင် မီးရှို့ထားသည့် ရုပ်အလောင်းများ တွေ့ရှိရသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button