
ယနေ့ (ဇွန် ၃၀) တွင် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဝေါလေဒေသကို တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်၏ လေယာဉ်က ထိုင်းနိုင်ငံဘက် ဖြတ်ကျော်ပျံသန်းအပြီး ထိုင်းဘက်ကလည်း ဂျက်လေယာဉ်တစ်စီး နယ်စပ်တွင် ပျံသန်းနေကြောင်း သိရသည်။
မြဝတီမြို့မှ ၁၈ မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို ပြီးခဲ့သည့် ဇွန် ၂၆ မှစ၍ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့နှင့်အတူ PDF ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ယနေ့ မွန်းလွဲ၂ နာရီခန့်တွင် ထိုင်းလေတပ်မှ ဂျက်လေယာဉ်တစ်စင်းဖြင့် နယ်စပ်တစ်လျှောက် ပျံဝဲနေသည်ဟု ပါဝင်တိုက်ခိုက်နေသည့် Venom (ဗီနွန်) စစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“စကစလေယာဉ်တွေက ထိုင်းနယ်စပ်ကို ကျော်ပြီးတော့ လာတာ။ အဲဒါကြောင့် ထိုင်းဘက်က လေယာဉ်တွေ တက်လာနေတယ်။ အခုလည်း ထိုင်းလေယာဉ် ဝဲနေတယ်။ စကစက ပစ်တာ လက်နက်ကြီးတွေ ထိုင်းဘက်ကို ကျတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ယနေ့ မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံများတွင် မြန်မာစစ်တပ်တိုက်လေယာဉ်ပျံဝဲသွားမှု၊ ထိုင်းဘက်ခြမ်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကို တွေ့မြင်ရသည်။
နယ်စပ်တိုက်ပွဲ ထိုင်းနိုင်ငံဘက်ကို ရိုက်ခတ်မှုနှင့် ပတ်သက်ပြီး ထိုင်းအစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်၏လေယာဉ် နယ်စပ်ကျော်ဖြတ်လာသဖြင့် ထိုင်းဘက်ခြမ်းတွင် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသူကျောင်းသားများ လုံခြုံရေးအတွက် ကျောင်းစောစောဆင်းလိုက်ရသည်ဟု မတ်တီချွန်းသတင်းစာ၏ အွန်လိုင်းစာမျက်နှာ သတင်းတစ်ပုဒ်တွင် မွန်းလွဲပိုင်းက ဖော်ပြထားသည်။
ယနေ့ (ဇွန် ၃၀) နံနက် ၇ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း၌ လက်နက်ကြီး ၅ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု တိုက်ခိုက်နေသည့်အဖွဲ့များထံမှ သိရပြီး ထိခိုက်မှုအခြေအနေကို မသိရသေးပေ။
ယနေ့အထိ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းနှင့် လက်နက်ကြီးပစ်ကူသာ အသုံးပြုတိုက်ခိုက်နေပြီး ထိုင်းနိုင်ငံဘက်ခြမ်း ဝေါလေမူဘန်းဒေသသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီ၏ လေယာဉ်များ ထိုင်းဘက်သို့ လေပိုင်နက်ကျော် ဝင်ရောက်မှုများ ရှိခဲ့သည်ဟု ပူးပေါင်းတပ်များဘက်က ဆိုသည်။
အဆိုပါစခန်း သိမ်းနိုင်ရန် ငါးရက်မြောက်နေ့အဖြစ် ယနေ့ တိုက်ပွဲအပြင်းအထန် ဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့ (ဇွန် ၂၉) မှစ၍ စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူသာ အသုံးပြုတော့ကြောင်း Venom (ဗီနွန်) စစ်ကြောင်းမှ တပ်ဖွဲ့ဝင်နောက်တစ်ဦးက ပြောသည်။
“စကစက ကျည်ဆန်ကို မသုံးတော့တာ။ လေယာဉ်နဲ့ပဲ လာကြဲတော့တာ” ဟု ဆိုသည်။
စစ်ကောင်စီသည် ဥကရစ်ထစခန်းနှင့် သုံးမိုင်ခန့်အကွာရှိ ဝေါလေဗျူဟာကုန်းမှနေ၍ ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း ပါဝင်တိုက်ခိုက်နေသည့် Cobra စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံကလည်း ပြောသည်။
“ဒီမနက်ပိုင်းမှာတင် ရဟတ်ယာဉ်နှစ်စီးတွဲနဲ့ ဝေါလေဗျူဟာကို စစ်ကူပို့တာ ငါးခေါက်ရှိသွားပြီ၊ မြေပြင် စစ်ကူမပေးနိုင်တဲ့အခါ လေကြောင်းတိုက်ခိုက်မှုပဲ တောက်လျှောက်လုပ်နေတယ်” ဟု ၎င်းက ဆိုသည်။
ယမန်နေ့ ညက ၎င်းတို့တပ်ဖွဲ့ဝင်များ ရှိနိုင်သည်ဟု ယူဆရသော နေရာများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆက်ပြောသည်။
”လေးကေကော်ဒေသမှာ ရှိတဲ့ လက်ခတ်တောင်နဲ့ စွယ်တော်ကုန်းပေါ့။ အဲဒီကနေ စုစုပေါင်း လက်နက်ကြီး ၃၇ လုံး ပစ်တာပေါ့နော်” ဟု ၎င်းက ဆိုသည်။
ယနေ့ ဇွန် ၃၀ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင် ဥကရစ်ထစစ်ဆင်ရေးခြေကုပ်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့များက လာရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ ပေးကာ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ ဥကရစ်ထစခန်းနှင့် မြေပြင်ချိတ်ဆက်မှု ရရှိနိုင်ရေးအတွက် စစ်ကြောင်းများ ချီတက်နေကြောင်း ဖော်ပြထားသည်။
ဥကရစ်ထစခန်းကို စစ်တပ်ဘက်က မြေပြင်စစ်ကူ မလာနိုင်စေရန် KNU ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က မြေပြင်ပစ်အား သိပ်မရှိတော့ကြောင်း KNDO နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“စကစက လေယာဉ်နဲ့ လက်နက်ကြီးပဲ သုံးတော့တယ်။ ဘာလို့ဆို မြေပြင်မှာ မရတော့ဘူး။ မြေပြင်မှာ ယှဉ်မပစ်နိုင်တော့ဘူး” ဟု ဆိုသည်။
ယနေ့ မွန်းလွဲပိုင်းအထိ ၅ ရက်အတွင်း KNLA,KNDO,PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၁၃ ဦး သေဆုံးပြီး ၄၀ ဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာရရှိထားကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် အတိအကျ မသိရသေးပေ။
တိုက်ပွဲများပြင်းထန်နေသဖြင့် ထိုနေရာအနီးနားမှ ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ဥကရစ်ထစခန်းသည် မြဝတီမြို့နယ် ဖလူး၊ ဝေါလေ၊ စုကလိ စသည့် ကျေးရွာများကို ဆက်သွယ်ထားသည့် လမ်းပေါ်တွင် ရှိပြီး စစ်ရေးဗျူဟာအရ အချက်အချာကျသည့် နေရာဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်ကလည်း ဥကရစ်ထစခန်းနှင့် သုံးမိုင်ကျော်ခန့် အကွာတွင်ရှိသော ဝေါလေရဲစခန်းကို KNDO ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ထိုင်း-မြန်မာ နယ်စပ်အနီးတွင်ရှိသော စစ်ကောင်စီတပ် အခိုင်အမာ တပ်စွဲထားသည့် မော်ခီးစခန်း၊ သေ့ဘောဘိုးစခန်းများကို KNU လက်အောက်ခံတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)