သတင်း

ရန်ကုန်တိုင်းဘတ်ဂျက်ဥပဒေကြမ်းတွင် ပလတ်စတစ်ခုံတစ်လုံး ကျပ် ၇၀,၀၀၀ ကိစ္စ စာရိုက်မှားခြင်းဟု ဝန်ကြီးရှင်း

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းတွင် ဖော်ပြခဲ့သည့် ပလတ်စတစ်ခုံတစ်လုံး ကျပ် ၇၀,၀၀၀ တောင်းခံသည့်ကိစ္စသည် စာရိုက်မှားခြင်းသာဖြစ်ပြီး အရေးယူဆောင်ရွက်ရန်လည်း သက်ဆိုင်ရာဌာနသို့ ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ယနေ့ တိုင်းဒေသကြီးလွှတ်တော်တွင် ပြန်လည် ရှင်းလင်းသည်။

အရအသုံးဆိုင်ရာဥပဒေကြမ်းတွင် ဖော်ပြထားသည့် မြို့ပြနှင့် အိမ်ရာဌာန၏ အသုံးအစီရင်ခံစာတွင် ပလတ်စတစ်ခုံတစ်လုံးကို ကျပ် ၇၀,၀၀၀ ဟု ဖော်ပြထားမှုအပေါ် ယမန်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ထောက်ပြခဲ့သည်။

ထို့အတွက် မိမိတို့အစိုးရအဖွဲ့ကို လူမှုကွန်ရက်မီဒီယာများတွင် အများအပြား ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ရ သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ ပြည်သူများအတွက် အရေးပါသည့် လမ်းတံတားကိစ္စများ၊ လျှပ်စစ်နှင့် သောက်သုံးရေ ကိစ္စများအတွက် ရေးဆွဲခဲ့သည့် အရအသုံးငွေစာရင်းများသည် ယခုအချက် တစ်ချက်တည်းဖြင့် ချေဖျက်လိုက်သလို ဖြစ်ခဲ့ရကြောင်း ဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

“ဆွမ်းဆန်ထဲ ကြက်ချေးရောသလို ဖြစ်သွားခဲ့ရတယ်။ ဒီခုံတစ်လုံးကို ကျပ် ၇၀၀၀ သာ ဖြစ်ရမယ့်ဟာကို သုညတစ်လုံးပို စာရိုက်မှားသွားခဲ့တာ” ဟု ၎င်းက ပြန်လည် ရှင်းလင်းသည်။

လွှတ်တော်သို့တင်သွင်းခဲ့သည့် ဥပဒေကြမ်း၏ ရုံးသုံးပရိဘောဂ ခေါင်းစဉ်အောက်တွင် ပလတ်စတစ်ကုလားထိုင်(ယိုးဒယား) ခေါင်းစဉ်ဖြင့် တစ်လုံးလျှင် ကျပ် ၇၀,၀၀၀ ဖြင့် စာရင်းပြထားသည်ကို တွေ့ရသည်။

ထိုကိစ္စမျိုးသည် ဖြစ်တတ်သည့် သဘောသဘာဝရှိသည့်အတွက် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကိုယ်တိုင် စာရိုက်မှားမိကြောင်း ဝန်ခံသွားသည့်အပေါ် အဆိုပါဥပဒေကြမ်းကို မည်သို့ ပြန်လည်ပြင်ဆင်မည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက သုံးသပ်သည်။

“ဖြစ်တတ်ပါတယ် ဒါမျိုးက။ အဲ့ဒီအတွက် သူတို့ ဘယ်လို ပြန်ပြင်မလဲကိုတော့ ကြည့်ရမှာပေါ့။ ဝန်ကြီးကိုယ်တိုင် သူတို့ မှားခဲ့ကြောင်း ဝန်ခံသွားတဲ့အတွက် ဒီကိစ္စကို ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်ဘတ်ဂျက်နှင့်ပတ်သက်ပြီး တိကျသေချာရန် လိုအပ်ကြောင်း၊ တင်ပြလာသည့် ဘတ်ဂျက်ဥပဒေကြမ်းတွင် သုညတစ်လုံးပိုသည်က မဖြစ်သင့်သော ကိစ္စရပ်တစ်ခုဟု မှတ်ယူကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ထောက်ပြဝေဖန်ခဲ့သည့် အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။

ဘတ်ဂျက်ဥပဒေကြမ်းတွင် ပလတ်စတစ်ခုံအလုံးရေ ၂၅၀ ကို တင်ပြထားခြင်းအတွက် မိမိသာ မထောက်ပြခဲ့လျှင် နိုင်ငံတော်၏ငွေကြေး ကျပ်သိန်း ၁၅၀ ကျော် (၎င်း၏ တွက်ချက်မှုအရ ၁၅၇ သိန်း၊ ငါးသောင်း) ယခုလို ထွက်ရှိလာမည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဘတ်ဂျက်ဆိုတာ နောက်စရာမဟုတ်ဘူးဗျ။ ကျွန်တော်သာ မထောက်ပြခဲ့ဘူးဆိုရင် စာရိုက်မှားတယ်ပဲပြောပြော၊ ဒီကိစ္စ ပေါ်လာစရာ မရှိဘူး။ သုညတစ်လုံးပိုသွားတိုင်းသာဆို နိုင်ငံတော်ဘတ်ဂျက်မှာ ဘယ်လောက်တောင် ဆုံးရှုံးမလဲဆိုတာ စဉ်းစားစရာ ဖြစ်စေတယ်” ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button