သတင်း

မန္တလေးမြို့အနီး တိုက်ခိုက်မှုတွင် စစ်ကိုင်းအခြေစိုက် MRA အဖွဲ့ ပါဝင်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှ လာသော စစ်ကား ၈ စီးကို ယမန်နေ့ (ဇွန် ၂၇) တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကာကွယ်ရေးတပ် (MRA) တာဝန်ခံ ကိုစိန်ကျော်က ပြောသည်။ 

နံနက် ၁၀ နာရီခန့်က မန္တလေးမြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောရွာနှင့် သန့်ဇင်ကုန်းရွာအကြား အဆိုပါ တိုက်ခိုက်မှုကို မန္တလေးအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ DRM Rangers နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီနေရာက မန်းလေးနဲ့ ပြင်ဦးလွင်ကို စစ်ကောင်စီစစ်ကားတွေ သွားလာနေတာကို မြေပြင်ကင်းထောက်တွေကတစ်ဆင့် သိရတာပါ့။ ကျွန်တော်တို့ ဒါကို ပြောက်ကျားနည်းမိုင်းဆွဲတိုက်ကြမယ်ဆိုပြီး တိုင်ပင်ဆွေးနွေးကြပြီးမှ သေချာစိစစ်ပြီးမှ လုပ်ကြတာပါ” ဟု MRA တာဝန်ခံက ပြောသည်။

မန္တလေးမြို့မှ ပြင်ဦးလွင်ဘက်သို့ တက်သွားပြီးနောက် ချက်ချင်းပြန်ဆင်းလာသည့် အဆိုပါ စစ်ကားများသည် နယ်မြေလုံခြုံရေးယူထားသည့် ကားများဖြစ်နိုင်ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကား ၃ စီးခန့် ထိခိုက်နိုင်ပြီး အနည်းဆုံး စစ်သား ၃ ဦးခန့် သေဆုံးနိုင်ကြောင်း MRA အဖွဲ့က ပြောသည်။

ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

“ပထမဆုံး မြိုပြနဲ့ အနီးဆုံး (စစ်ကောင်စီယဉ်တန်းမိုင်းခွဲ) တိုက်ခိုက်မှုပဲ။ ကျွန်တော်တို့က မြေပြင်ရဲ့ အခြေအနေကို တိတိကျကျ စစ်ကောင်စီရဲ့ လှုပ်ရှားမှုကို လေ့လာထားတယ်ပေါ့။ ဒါမျိုးတွေ လုပ်နိုင်တယ်ဆိုတာလည်း ပြည်သူတွေ ပူးပေါင်းပါဝင်လို့လည်း လုပ်နိုင်တာပေါ့” ဟု ကိုစိန်ကျော်က ဆိုသည်။

မန္တလေးအဖွဲ့များနှင့် စနစ်တကျ အချိန်ယူချိတ်ဆက်ပြီးမှ နယ်ကျော်တိုက်ပွဲစစ်ဆင်ရေးကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းအခြေစိုက် MRA တာဝန်ခံက ပြောသည်။

“ကျွန်တော်က စစ်ကိုင်းတိုင်းက ဖြစ်ပေမဲ့ တော်လှန်ရေးအင်အားစုအချင်းချင်း ဒါမျိုး တိုင်းကူး၊ နယ်ကူးတောင်မှ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီ။ စစ်ကောင်စီလည်း သတိထားမိပါလိမ့်မယ်။ သူတို့ကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်ပြီး ရတဲ့နည်းနဲ့ ရတဲ့လက်နက်နဲ့ မဟာဗျူဟာကျကျ ခုခံနေတာ သူတို့ သိပါတယ်” 

ပေါက်ကွဲမှုဖြစ်ရာနေရာအနီး နေထိုင်သည့် ဒေသခံတစ်ဦးက ပေါက်ကွဲသံ ကြားလိုက်သည်ဟု ပြောသည်။

“မနက်က ကျွန်တော်တို့က အလုပ်ထဲမှာ အလုပ်ဆင်းနေတာ။ တစ်ချက်တည်းပဲ အုန်းဆို အသံက တော်တော်ကျယ်တယ်” ဟု သူက ပြောသည်။ 

“နေ့ခင်းပိုင်းကတော့ စစ်တာဆေးတာတွေရှိတယ်။ လူငယ်တွေကိုတော့ အလွတ်မပေးဘူး။ အချို့ကို ဖမ်းသွားတယ် ကြားတယ်။ ငွေပေးပြီး ပြန်ခိုင်းတယ်လို့ ကြားတယ်ဗျ”  

မြောင်မြို့နယ်သည် မန္တလေးတိုင်းနှင့် ထိစပ်နေပြီး ယခုကဲ့သို့ ပူးပေါင်းတိုက်ခိုက်မှုမျိုးကို ယခင်က မတွေ့ခဲ့ရပေ။

ခုခံမှု ပြင်းထန်သည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီစစ်ကြောင်းများကို ဟန့်တားနိုင်ရန် ဒေသခံပြောက်ကျားအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းကို အဓိကလက်နက်သဖွယ် သုံးလေ့ရှိပြီး ယခု မြို့ပြကြီးများအနီး တိုက်ခိုက်မှုများ စတင်လာခြင်းဖြစ်သည်။ 

“မန်းလေး-မုံရွာလမ်းမကြီးကိုလည်း PDF တွေ စိုးမိုးထားတယ်၊ မိုင်းခွဲတိုက်ခိုက်မှုတွေ လုပ်ပြီးတော့။ သူတို့  လုံလုံခြုံခြုံနဲ့ သွားချင်တဲ့အချိန် သွားလို့မရဘူး။ ဒီလိုမှမဟုတ်ရင် မန္တလေး-ပြင်ဦးလွင်လမ်းမကြီးကို ပြင်ဦးလွင်တပ်နဲ့ ပုံမှန်အတိုင်း သွားလာနေမှာ။ အခုဆိုရင် သူတို့ သတိထားသွားရပြီ။ ပုံမှန်အတိုင်း သွားလို့ မရတော့ဘူး။ ဘယ်အချိန် မိုင်းခွဲမလဲဆိုပြီး” ဟု MRA တာဝန်ခံ ကိုစိန်ကျော်က ဆိုသည်။

ဇွန်၂၆ နံနက် ရန်ကုန်-မန္တလေး အမြန်လမ်းတွင်လည်း ရန်ကုန်မြို့ကို ဦးတည်မောင်းနှင်လာသည့် စစ်ကား ၆ စီးကို ဒေသခံကာကွယ်ရေးတပ်များက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်−မန္တလေး အမြန်လမ်းမိုင်တိုင် ၃၂၀ အနီး မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကားတစ်စီး ထိမှန်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမှ သိရသည်။ 

“မိုင်းထောင်ထားတာကတော့ များတယ်။ Battery Error (အားအိုးပြဿနာ) တက်ပြီး နောက်ဆုံးကားတစ်စီးကိုပဲ ထိထိမိမိ ခွဲနိုင်လိုက်တယ်။ စစ်ကားတွေ၊ ရိုးရိုးကားတွေ၊ ရဲကားတွေ သူတို့က နှစ်နာရီခြား တစ်ခါလောက် သွားနေတာဖြစ်တဲ့အတွက် ခု မိုင်းထောင် ခု ခွဲရတာ” ဟု နွားထိုးကြီး PDF တာဝန်ခံ ကိုတွံတေးက ပြောသည်။

“စစ်ကောင်စီထောက်တိုင်တွေနဲ့ စစ်ကောင်စီရှိတဲ့နေရာတွေကို ပြည်သူတွေ အသွားအလာမလုပ်ဖို့နဲ့၊ စစ်ကောင်စီကားတွေနဲ့ ယှဉ်မမောင်းဖို့၊ ကပ်မလိုက်ဖို့ မေတ္တာရပ်ခံချင်ပါတယ်” 

တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း သူက ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို စစ်တပ်က မြို့အများအပြားတွင် အကြမ်းဖက်ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှုများ ပေါ်ပေါက်လာခြင်းဖြစ်ပြီး စစ်ကောင်စီကမူ ခုခံသူတို့ကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button