အိန္ဒိယနယ်စပ် တမူးမြို့နယ်တွင် ယမန်နေ့ (ဇွန် ၂၇) က စစ်ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူက ပြောသည်။
ယမန်နေ့ နံနက် ၉ နာရီခန့်က တမူးမြို့တောင်ဘက် ၁၈ မိုင်ခန့်အကွာရှိ ဝီးတုတ်ရွာအနီးတွင် စစ်ကားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အင်အား ၁၀၀ ခန့်ပါကြောင်း တမူး-PDF မှ တပ်ရင်း (၃) တာဝန်ရှိသူက ပြောသည်။
မိုင်းပေါက်ကွဲမှု ပြင်းထန်ပြီး စစ်ကားသုံးစီးလုံးကို ထိမှန်ကြောင်းလည်း ၎င်းက ပြောသည်။
“စစ်ကားတွေက ဆက်မောင်းလို့တော့ ရတယ်။ မြောက်တက်သွားတဲ့အထိတော့ ပျက်စီးတာ မဟုတ်ဘူး။ မိုင်းထဲမှာပါတဲ့ စပန်နာစတွေက ကားဘော်ဒီဖောက်ထွက်၊ ကြမ်းခင်းဖောက်ထွက်ပြီး မှန်ကုန်တာ”
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဝီးတုတ်ရွာ၌ တပ်စွဲကာ အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ရာ ဒေသခံအမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်သည်ဟု သိရသည်။
စစ်တပ်က ဝီးတုတ်ရွာတွင် တစ်နေ့လုံး တပ်စွဲကာ မိုင်းဆွဲတိုက်ခိုက်ခံရစဉ် သေဆုံးဒဏ်ရာရသည့် စစ်သားအချို့ကို သယ်ယူ၊ ကုသနေကြောင်း မျက်မြင်တွေ့သည့် ဒေသခံများကို ကိုးကားပြီး တပ်ရင်း(၃) တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှာ ဇွန် ၂၆ ရက် ညကတည်းက တမူးမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ရှေ့ဆက်မတက်ဘဲ ရန်လင်းဖိုင်ရွာကို လက်နက်ကြီများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု တမူး-PDF က ဆိုသည်။
“သူတို့ (စစ်ကောင်စီ) မဖြတ်ရဲဘူး မိုင်းကွင်းကို၊ ဒီနေ့ကျတော့ ရွာတောက်လျှောက်ပေါ့၊ ရန်လင်းဖိုင်ကိုရော လက်နက်ကြီးတွေရော လက်နက်ငယ်တွေရောနဲ့ ပစ်ပြီးတော့ ဖြတ်တာပေါ့” ဟု PDF တာဝန်ခံက ပြောသည်။
ယနေ့တွင် ကလေးမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တွင် စစ်ကောင်စီက လူအင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေသည်ဟု သတင်းရထားကြောင်း တမူး-PDF ထံမှ သိရပြီး တမူးမြို့ပေါ်တွင် ပျူစောထီးနှင့် စစ်သားများ ပူးပေါင်းကင်းလှည့်နေသည်ကို တွေ့ရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲများငြိမ်သက်နေသည့် တမူးမြို့တွင် ဇွန်လဆန်းမှစ၍ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းလာသည့်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။
ဇွန် ၂၃ ရက်ကလည်း ကလေးမြို့မှ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို တမူး-PDF က တိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံလူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသည့်နောက် ကလေး-တမူးလမ်းပိုင်းကို အရပ်သားများ ယာယီမသွားလာကြရန်နှင့် မဖြစ်မနေဖြတ်သန်းရသော် စစ်ကောင်စီကားများနှင့် မှားယွင်းမှုမရှိရန်အတွက် မှန်ချ မောင်းနှင်ပေးရန် ယခုလ ၈ ရက်တွင် တမူး-PDF အဖွဲ့က ထုတ်ပြန်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် လက်နက်ကိုင်ခုခံတော်လှန်ရေး အားကောင်းလာပြီး PDF ဖွဲ့စည်းရာတွင် တပ်ရင်းပေါင်း ၄ ရင်းအထိ ရှိလာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)