သတင်း

ပလက်ဝတွင် တိုက်ပွဲမဖြစ်၊ စစ်ကောင်စီတပ်အချင်းချင်း မှားပစ်ဟု AA ပြော

ရခိုင်ပြည်နယ်အစပ်ဖြစ်သော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယမန်နေ့ (ဇွန် ၂၇) က လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ကြားရသည်ဟု ဒေသခံအချို့က ဆိုပြီး ၎င်းတို့နှင့် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်ကောင်စီတပ်အချင်းချင်း မှားပစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ နံနက် ၈ နာရီခွဲခန့်တွင် လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် လက်နက်ကြီးပစ်ခတ်သံများ ကြားလိုက်ရသည်ဟု ပလက်ဝမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“မိနစ်ပိုင်းလောက် ကြားလိုက်ရတယ်။ ပြီးတော့ လက်နက်ကြီးတွေပစ်တယ်။ (ခလရ) ၂၈၉ က ပစ်တယ်။ မီးလက်ဝတောင်၊ ရုပ်ဝတောင် အဲဒီတောင်တွေက ပစ်တယ် လက်နက်ကြီးတွေ။ အဘောင်သားရွာဘက်က ကြားရတယ် လက်နက်ငယ်အသံကို။ တိုက်ပွဲဖြစ်မဖြစ်ကို အတိအကျမသိရ” ဟု ၎င်းက ဆိုသည်။

အမှတ် ၂၈၉ ခြေလျင်တပ်ရင်းမှာ ပလက်ဝမြို့အရှေ့ဘက် တစ်မိုင်ကျော်အကွာတွင် ရှိကာ၊ စစ်တပ်က လက်နက်ကြီးများတပ်ဆင်၍ အထိုင်ချတပ်စွဲထားသည်ဆိုသော မီးလက်ဝနှင့် ရုပ်ဝတောင်တို့မှာ မြို့မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ကုလားတန်မြစ်အနောက်ဘက်ကမ်းတွင် ရှိသည်ဟု သိရသည်။

ပလက်ဝမြို့ခံနောက်ထပ်တစ်ဦးကလည်း ‌“လက်နက်ကြီးပစ်သံကိုတော့ ကြားလိုက်ရတယ်။ ၁၁ နာရီ ၁၅ မိနစ်လောက်က ကြားလိုက်ရပါတယ်။ သုံးချက်လောက် ကြားလိုက်ရပါတယ်” ဟု ပြောသည်။

ယမန်နေ့က ကုလားတန်မြစ်အနောက်ဘက်ကမ်းရှိ ရုပ်ချောင်းဝကျေးရွာအနီးတွင် စစ်ကောင်စီတပ်အချင်းချင်း မှားယွင်းပစ်ခတ်ဖြစ်ကာ ၎င်းတို့နှင့် တိုက်ပွဲမဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ မြန်မာစစ်တပ်အချင်းချင်း သူတို့ အကြောက်လွန်ပြီးတော့ မှားပြီးတော့ အဲဒီလို သူတို့အချင်းချင်း ပစ်ခတ်ကြတာတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

နာရီဝက်ခန့်ကြာ စစ်ကောင်စီတပ်အချင်းချင်းပစ်ခတ်မှုတွင် ထိခိုက်သေဆုံးမှုများ ရှိသည်ဟုလည်း ဦးခိုင်သုခက ပြောသည်။ သို့သော် အဆိုပါအချက်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။ 

ပစ်ခတ်သံများကြောင့် စိုးရိမ်ကြောက်လန့်နေရသည်ဟု ရုပ်ချောင်းဝရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

“ပစ်တာကတော့ အရမ်းပစ်တယ်။ အကြီးကြီးတွေနဲ့ ပစ်တာလည်း ကြားတယ်။ ငါတို့ရွာနားကလည်း ပစ်တယ်။ ပလက်ဝကလည်း ပစ်တယ်။ သေနတ်သံကြားရင် ကြောက်တာပေါ့။ ငါတို့က လှုပ်တောင် မလှုပ်ရဲဘူး” ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုများကြောင့် ပလက်ဝမြို့ပေါ် ဈေးဝယ်သွားသည့် ရုပ်ချောင်းဝရွာသားအချို့ ရွာမပြန်ရဲဘဲ မြို့ပေါ်၌ ညအိပ်ခဲ့ရသည်ဟု မြို့ခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် AA နှင့် စစ်ကောင်စီကြား စစ်ရေးအခြေအနေ တင်းမားနေပြီး ဆက်တိုက်ဖြစ်ပေါ်နေ သော နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုများကြောင့် ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေသည်ဟု သိရသည်။

ဇွန် ၁၁ မှစ၍ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီက အပြစ်မဲ့ အရပ်သားပြည်သူ ၄၅ ဦးကို ဖမ်းဆီးထားပြီး အသက်မပြည့်သေးသူ ၅ ဦးပါဝင်ကြောင်း AA က ယမန်နေ့တွင် ထုတ်ပြန်သည်။ သို့သော် ၎င်းတို့ဘက်က ဖမ်းဆီးသည့် အရေအတွက်ကိုမူ မသိရပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button