သတင်း

နေပြည်တော်အချုပ်ထောင်ရောက် ဒေါ်အောင်ဆန်းစုကြည် အပူဒဏ်ခံနေရ

စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်သို့ ပို့ထားသည့် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းကြည် အပူဒဏ်ခံစားနေရသော်လည်း ကျန်းမာရေးကောင်းမွန်သည်ဟု တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌကို ပြီးခဲ့သည့် တစ်နှစ်ကျော်က အာဏာသိမ်းပြီးနောက် စစ်တပ်က အမှုပေါင်း ၁၉ မှုအထိ ဖွင့်ထားကာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပြီးဖြစ်သည်။

မူလက နေပြည်တော်ရှိ လျှို့ဝှက်နေရာတစ်ခုတွင် အတူနေ ၇ ဦး၊ အချစ်တော် ခွေးလေး တိုက်ချီဒိုနှင့်အတူ ထိန်းသိမ်းထားရာမှ ဇွန် ၂၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်သို့ စစ်ကောင်စီက ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

“ပူတယ်လို့တော့ ပြောတယ်။ သူတို့ချက်ကျွေးတာပဲ စားရတယ်တဲ့။ အမျိုးသမီး လုံခြုံရေး ၃ ယောက်က လာလုပ်ပေးတယ် ပြောတယ်။ ထောင်ဝင်းကြီးထဲ (အဆောက်အအုံတစ်ခုမှာ) တစ်ယောက်တည်း နေရတယ်လို့ ပြောတယ်” ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ယနေ့ (ဇွန် ၂၇) ပြောသည်။

“မဆိုးပါဘူးတဲ့ အဆင်ပြေတယ်တဲ့။ သူကတော့ ကောင်းအောင် ပြောတာပဲ။ ခေါင်းဆောင်ဆိုတာတော့ ညည်းညူနေမှာ မဟုတ်ဘူးလေ။ သူကတော့ အဆင်ပြေတယ်ပဲ ပြောမှာပဲ” ဟု ထိုသူက ဆက်ပြောသည်။

အချုပ်ထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေရသည့် အခြေအနေအသေးစိတ်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပေ။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အတွက် ရေကောင်းရေသန့်ရရှိရန်ကို ရုံးချိန်းရက်များတွင် ရှေ့နေအဖွဲ့က စီစဉ်ပေးနေရသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်တရားရုံးတွင် စစ်တပ်က စွဲဆိုထားသည့် အမှုများစွာကို အပတ်စဉ် ဗုဒ္ဓဟူးနေ့မှအပ ကျန်ရက်အားလုံးတွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရ၍ ရှေ့နေအဖွဲ့နှင့် တွေ့ခွင့်ရှိသည်ဖြစ်ရာ ရေသန့်ကိစ္စ အဆင်ပြေနေသေးသည်ဟု ထိုသူက ပြောသည်။

ယနေ့တွင် NLD အစိုးရလက်ထက်တွင် သဘာဝဘေးအတွက် သုံးရန် ရဟတ်ယာဉ်ငှားရမ်း၊ ဝယ်ယူမှုအတွက် ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် စစ်ကောင်စီ၏ စွပ်စွဲမှုကို တရားရုံးတွင် ရင်ဆိုင်ခဲ့ရသည်ဟု ၎င်းထံမှ သိရသည်။

“တရားခွင်လုပ်တဲ့တိုက်ကို ဘေးကနေ ပတ်ပတ်လည် ခြံစည်းရိုးတွေ ပတ်ပတ်လည်ခတ်တယ်။ ဘာမှ အပြင်ကို မမြင်ရအောင် လုပ်ထားတယ်” 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက စစ်ကောင်စီကို ဒေါ်အောင်ဆန်းစုကြည်၏ အသက်အရွယ်နှင့် ကျန်းမာရေးကို ထောက်ချင့်၍ အချုပ်ထောင်တွင် မထားသင့်ဟု ယနေ့ (ဇွန် ၂၇) ရက်တွင် တိုက်တွန်းထားသေးသည်။

ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရကို ဦးဆောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကြီးလေးသော ပုဒ်မများအပါအဝင် ပုဒ်မများစွာဖြင့် တရားစွဲဆိုပြီးနောက် အချို့သောအမှုများအတွက် ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ထားသည်။

တရားရင်ဆိုင်နေရဆဲ အမှုများ ကျန်ရှိနေသည့်ပြင် အမျိုးမျိုးသော ထပ်တိုးပုဒ်မများဖြင့် ထပ်တိုးအမှုဖွင့်နိုင်ရန် ကြံစည်လျက်ရှိသည်ကို မကြာမီက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က အရိပ်အမြွက်ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆိုထားသည့် အမှုများမှာ ဥပဒေအရ အမှုမမြောက်ဘဲ သိက္ခာချလို၍ အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းသာဖြစ်သည်ဟု ဝါရင့်ရှေ့နေတစ်ဦးက သုံးသပ်သည်။

“တစ်ခုမှ အမှုမဟုတ်ဘူး၊ လူတိုင်းသိတယ်။ ဒီဥစ္စာကြီးက ကြည့်လိုက်ရင် အမှုတစ်ခုမှ မမြောက်ဘူး။ သိက္ခာချတဲ့သဘောနဲ့ ဖြိုးမင်းသိန်းက ပေးတာမှန်ရင် ပြေစာရှိရမှာပေါ့။ ပြေစာရှိလားဆိုတော့ ပြေစာမရှိဘူးတဲ့။ ရွှေ ၇ ပိဿာကို ဝယ်တာ ပြေစာမရှိဘူးတဲ့ စဉ်းစားကြည့်ပေါ့” ဟု ၎င်းက ပြောသည်။

ခေတ်အဆက်ဆက် စစ်တပ်ကို ဦးဆောင်သူ ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်၏ ဘုံရန်သူအဖြစ် ပုံဖော်လေ့ရှိသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်ဗိုလ်ချုပ်ဟောင်းတချို့နှင့် ပူးပေါင်းတည်ထောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာကြာသည်အထိ ခေတ်အဆက်ဆက် တပ်ခေါင်းဆောင်များက မုန်းတီးလေ့ရှိသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ထားရှိကာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားလေ့ရှိသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အပြင် ရာနှင့်ချီသော NLD ပါတီဝင်များနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button