ဇွန် ၂၅ ရက်က မန္တလေးမြို့လယ်တွင် ဖြစ်ပွားခဲ့သော အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပြင်းအထန်ဒဏ်ရာရကာ ပြောက်ကျားအဖွဲ့ခေါင်းဆောင်တစ်ဦး သေဆုံးသွားသည်။
နေ့စဉ်နှင့်အမျှ အစစ်အဆေး အဖမ်းအဆီးကြမ်းနေသော မန္တလေးတွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် အမျိုးသားတစ်ဦးကို ထိုနေ့တွင် စစ်တပ်က လိုက်လံဖမ်းဆီးရာမှ သေနတ်ပစ်ခတ်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
“ဆိုင်ကယ်နဲ့လူကို အနောက်ကလိုက်လာတဲ့ အရပ်ဝတ်စစ်သားတွေက သေချာတယ်၊ သေချာတယ်ဆိုပြီး ဝင်လုံးတာ။ လုံးထွေးသတ်ပုတ်နေချိန် ဆိုင်ကယ်နဲ့လူက သေနတ်နဲ့ ထုတ်ပစ်တယ်။ နောက်က အသင့်လိုက်လာတဲ့သူတွေကလည်း ပြန်ပစ်တယ်” ဟု ၎င်းက ပြောသည်။
“အဲဒီမှာ သူ (ပြောက်ကျားအဖွဲ့ခေါင်းဆောင်) ကျသွားတယ်။ စစ်ကောင်စီဘက်က လူကတော့ အရေးပေါ်ကားနဲ့ သယ်သွားတဲ့အထိ အသက်ရှင်နေသေးတယ်။ ဒဏ်ရာတော့ ပြင်းတယ်”
ပစ်ခတ်မှုဖြစ်ပြီးနောက် သေဆုံးသူ၏ ဖုန်းနှင့် ငွေများကို စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားကာ အလောင်းကို လမ်းပေါ်တွင် စွန့်ပစ်သွားကြောင်း၊ အချိန်အနည်းအကြာမှ လူမှုရေးကားတစ်စီးဖြင့် လာရောက် သယ်ဆောင်သွားကြောင်း ထိုမျက်မြင်သက်သေက ပြောသည်။
သေဆုံးသွားသူမှာ ၎င်းတို့၏ တပ်မှူး၊ ဗဟိုကော်မတီဝင် စွမ်းထက်အောင် (ခ) ထက်ရှိုင်းဇော်ဖြစ်ကြောင်း၊ ရုပ်အလောင်းပြန်မရသော်လည်း ဇွန် ၂၆ ရက်တွင် နာရေးအခမ်းအနားပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့တစ်ခုဖြစ်သည့် Yadanarbon Revolutionary Force (YRF) က ထိုနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး အသေးစိတ်အခြေအနေများကို မေးမြန်းရန် YRF နှင့် စစ်ကောင်စီထံ ဆက်သွယ်နေသော်လည်း မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ပြောက်ကျားခေါင်းဆောင် သေဆုံးသည့် ထိုပစ်ခတ်မှုမတိုင်မီကလည်း ဇွန် ၂၃ နှင့် ၂၄ ရက်တို့တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။
မဟာအောင်မြေမြို့နယ် ၄၂ လမ်းနှင့် ၆၅ လမ်းအနီးရှိ ထွေအုပ်ရုံးကို Kings Cobra Guerilla Force-Mdy ဆိုသော ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ဘက်က ရဲဘော်တွေဟာ အထူးလေ့ကျင့်ပေးထားတဲ့ သူတွေဖြစ်တာနဲ့အညီ အထိအခိုက်မရှိခဲ့ပါဘူး။ သူတို့ဘက်က အထိအခိုက်ပဲ မသိရတာပါ” ဟု ထိုတပ်ဖွဲ့မှ ဗိုလ်မြွေပွေးဆိုသူက ဇွန် ၂၄ ရက် ထုတ်ပြန်ချက်တွင် ပြောထားသည်။
ထိုတိုက်ခိုက်မှုကို Kings Cobra Guerilla Force_Mdy, Mother Son Mandalay Force နှင့် Myanmar Revolution Rangers Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ထိုထုတ်ပြန်ချက်အရ သိရသည်။
မန္တလေးတွင် ဇွန်လအတွင်း စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လမ်းနှင့် ရပ်ကွက်များကို ပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုများရှိနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ အသေးစိတ်ကိုမူ စုံစမ်း၍ မရသေးပေ။
ထိုအခြေအနေတွင် မြို့ပြပြောက်ကျားတိုက်ခိုက်မှုများကို အရှိန်မြှင့်မည်ဟု မန္တလေးမြို့အခြေစိုက် တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားပြီး စစ်ကောင်စီနှင့် နီးစပ်သည့် နေရာများကို ရှောင်ကြဉ်ရန်၊ စစ်ရေးလှုပ်ရှားမှုအပြီး ပြန်လည်ထွက်ခွာလာသည့် ပြောက်ကျားတပ်ဖွဲ့ဝင်များကို ကူညီရန်၊ ထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



