
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးများ အခြေစိုက်လှုပ်ရှားသည့် ရွာနှစ်ရွာကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့များ ပူးပေါင်းကာ နှစ်ရက်ဆက် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပျူစောထီးလက်နက်ကိုင်များရှိရာ ရေဦးမြို့နယ် အောင်သာယာရွာနှင့် တန့်ဆည်မြို့နယ်ရှိ အင်္ကုက္ကားရွာတို့ကို PDF ပူးပေါင်းအဖွဲ့က ဇွန် ၂၂ နှင့် ၂၃ တွင် သွားရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိသည်ဟု ဆိုသည်။
စစ်သားအနည်းငယ်နှင့် ပျူစောထီးများရှိရာ ရေဦးမြို့နယ်မှ အောင်သာယာရွာကို ဇွန် ၂၂ နံနက်ပိုင်းက သွားတိုက်စဉ် စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကြောင်း PDF ဘက်က ပြောသည်။
“လုံးဝစီးမိနိုင်တဲ့ အနေအထားတော့ မဟုတ်ဘူး။ ကျွန်နော်တို့တော့ အကျအဆုံးတော့ မရှိဘူး။ ကျွန်တော်တို့က စနိုက်ပါတွေနဲ့ ဝိုင်းပစ်ကြတာပေါ့။ ကောင်းကောင်းတော့ လုပ်နိုင်ခဲ့ပါတယ်” ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ခင်ဦးမြို့နယ် အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော ARF အဖွဲ့ခေါင်းဆောင်က ပြောသည်။
ထိုတိုက်ပွဲတွင် ရေဦး၊ တန့်ဆည်၊ ခင်ဦးမြို့နယ်များမှ PDF အဖွဲ့များအပြင် အခြားမြေအောက်တော်လှန်ရေးအဖွဲ့များလည်း ပါဝင်သည်ဟု သိရသည်။
ရေဦးနှင့် ကန့်ဘလူမြို့နယ်အစပ် မူးမြစ်အရှေ့ဘက်ကမ်းရှိ အောင်သာယာရွာသည် ပျူစောထီးလက်နက်ကိုင်များ ရွာပတ်လည်တွင် ကင်းစောင့်ချထားကြောင်း၊ ပျူစောထီးအားကောင်းသည့် ရွာဖြစ်ကာ စစ်တပ်နှင့် ပေါင်း၍ ပတ်ဝန်းကျင်ကျေးရွာများကို တိုက်ခိုက်လုယက်လေ့ရှိကြောင်းလည်း အထက်ပါ PDF ခေါင်းဆောင်က ပြောသည်။
“အခြားရွာကို သွားသွားပြီး လုယက်တာတွေ တိုက်ခိုက်တာတွေ လုပ်တယ်ဗျ။ မုံတိုင်ပင်ရွာဖြစ်စဉ်မှာ အောင်သာယာကပျူတွေ အဓိကပါတယ်ဗျ၊ အရှေ့ဘက်ကမ်း အနောက်ဖက်ကမ်းပဲ” ဟု ၎င်းက ပြောသည်။
ရေဦးမြို့မြောက်ဘက် မူးမြစ်ကမ်းဘေးရှိ မုံတိုင်ပင်ရွာကို ပြီးခဲ့သည့်လ ၁၀ ရက်နေ့တွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးပြီးနောက် အမျိုးသား ၂၈ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။
မုံတိုင်ပင်ရွာကို စစ်တပ်ဝင်စီးစဉ် အောင်သာယာရွာမှ ပျူစောထီးများပါသည်ဟု ဒေသခံ PDF က ဆိုသော်လည်း Myanmar Now အနေဖြင့် အတည်မပြုနိုင်ပေ။
အောင်သာယာရွာတိုက်ပွဲတွင် တစ်နာရီခွဲနီးပါးကြာ အပြန်အလှန်ပစ်ခတ်ပြီး စစ်တပ်နှင့် ပျူစောထီးများဘက်မှ နှစ်ဦးကျသည်ကို အတည်ပြုနိုင်သည်ဟု ဆိုသည်။
“သူပစ်ကိုယ်ပစ်ပေါ့။ စနိုက်ပါမှန်ပြောင်းနဲ့ ပစ်တာက နှစ်ယောက်အထိ ရလိုက်တာရှိတယ်။ မှန်ပြောင်းနဲ့ ကြည့်နေလို့ မျက်မြင်ကိုယ်တွေ့ မြင်တာပေါ့။ တခြား ထိခိုက်တာရှိမရှိ အတည်မပြုနိုင်ဘူး” ဟု ARF အဖွဲ့ခေါင်းဆောင်က ပြောသည်။
ယမန်နေ့တွင်လည်း တန့်ဆည်မြို့မြောက်ဘက် နှစ်မိုင်အကွာရှိ အင်္ကုက္ကားရွာတွင် ပျူစောထီးများနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံ PDF များက ထုတ်ပြန်ထားသည်။
“ထိပ်တိုက်သွားတွေ့တဲ့သဘော ဖြစ်သွားတာ။ အဲဒီရွာစပ်မှာပဲ သူတို့ကင်းပုန်းနဲ့ သွားတွေ့တာ။ စစ်သားက လေးငါးယောက်လောက်ပဲ။ ကျန်တာ ပျူတွေပဲ။ သူတို့ကင်းပုန်းနဲ့ တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်တာ” ဟု MDF (တန့်ဆည်) အဖွဲ့ခေါင်းဆောင် တော်ဝင်နောင်ဆိုသူက ပြောသည်။
ထိုတိုက်ပွဲတွင် ပျူစောထီးလေးဦး သေဆုံးကြောင်း PDF ဘက်က ထုတ်ပြန်ထားသော်လည်း သီးခြားအတည်မပြုနိုင်ပေ။
ပျူစောထီးအဖွဲ့များ အားကောင်းရာ အင်္ကုက္ကားရွာတွင် ဒေသခံပျူစောထီးများအပြင် အခြားမြို့နယ်များမှ ပျူစောထီးများပါ လာရောက်ပူးပေါင်းထားသည်ဟု သိရသည်။
“တစ်ချို့ရွာတွေ ပြည်သူတွေ ကျန်သေးတယ်။ တစ်ချို့ရွာတွေက ရွာလုံးကျွတ်လည်း ပျူမဟုတ်တော့ ကျွန်တော်တို့ လှုပ်ရှားရတာ ခက်ခဲတာပေါ့” ဟု တော်ဝင်နောင်က ပြောသည်။
လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းရာ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက ပျူစောထီးများကို လေ့ကျင့်သင်ကြားပေးကာ လက်နက်တပ်ဆင်ပေးထားသည်။
စစ်တပ်နှင့် ရဲကို အထောက်အကူပြုနိုင်ရန် ပြည်သူ့စစ် ၇၇ ဖွဲ့ကို လက်နက် ၂၀၀၀ ကျော် တပ်ဆင်ပေးထားကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က အာဏာသိမ်းခေါင်းဆောင်ကို တင်ပြခဲ့သည့် အစည်းအဝေးမှတ်တမ်းတစ်ခု ဖေဖော်ဝါရီလအတွင်း ပေါက်ကြားခဲ့သည်။
ပျူစောထီးအဖွဲ့တွင် စစ်မှုထမ်းဟောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) လှုပ်ရှားမှုတွင် ပါဝင်သူများ ပါဝင်လေ့ရှိသည်။
ပျူစောထီးအဖွဲ့များကို ထောက်ခံအားပေးသူ ကန့်ဘလူမြို့နယ် မှော်တောရွာမှ ကျောင်းထိုင်ဘုန်းကြီးဖြစ်သူ ဦးဝါသဝက PDF ထောက်ခံသည့် ရွာများကို မြန်မာနိုင်ငံမြေပုံမှ ဖယ်ရှားရန်ပင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားသည်။
ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည်မြို့နယ်တို့တွင် ပျူစောထီးအဖွဲ့ခေါ် ပြည်သူ့စစ်အင်အား ၄၀၀၀ ခန့်ရှိကြောင်းလည်း ထိုဘုန်းကြီးက Myanmar Now ကို ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)