သတင်း

တမူးတွင် စစ်တပ်နှင့် ပျူစောထီးများရှိရာ ရွာကို PDF ဝင်တိုက်

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ တပ်စွဲထားသည့် ပန်းသာရွာကို ယမန်နေ့ (ဇွန် ၂၂) က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

တမူးမြို့နှင့် ၈ မိုင်ခန့်အကွာရှိ စစ်တပ်နှင့် ပျူစောထီးများရှိရာ ပန်းသာရွာကို နံနက် ၁၀ နာရီကျော်မှစ၍ ဒေသခံ PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည်ကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း တမူး- PDF ထံမှ သိရသည်။

စစ်တပ်က ပန်းသာရွာအတွင်းရှိ အရပ်သားနေအိမ်များနှင့် ကတုတ်ကျင်းများအတွင်းမှ ပြန်လည်ပစ်ခတ်ကြောင်း၊ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ကြောင်း တမူး-PDF တပ်ရင်း (၃) မှ တာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ဘက်ကလည်း ပူးပေါင်းတပ်၊ သူတို့ကလည်း စစ်တပ်ရော၊ ပျူတွေရော ပေါင်းထားတာ။ သူတို့က အထိုင်ပေါ့ အိမ်တွေ၊ ဘန်ကာတွေထဲက။ ကျွန်တော်တို့ကတော့ အတိုက်ပေါ့” ဟု ထိုတာဝန်ရှိသူက ဆိုသည်။

ယမန်နှစ် မေလအတွင်း ပန်းသာရွာမှ ပျူစောထီး၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သော တမူး-PDF ရဲဘော်စွန်ရဲ၏ သေဆုံးမှုကို လက်တုံ့ပြန်သောအားဖြင့် “စွန်ရဲစစ်ဆင်ရေး” ဟု အမည်ပေးတိုက်ခိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

စစ်တပ်က ၆၀ မမ စိန်ပြောင်းများအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေသခံ PDF များ ပူးပေါင်းတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၃၀ နီးပါး သေဆုံးသည်ဟု တမူး PDF က ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။

တမူး-PDF အဖွဲ့၏ အဆိုအရ ပန်းသာရွာတွင် ရှိနေသူအများစုမှာ ပျူစောထီးအဖွဲ့ဝင်များသာဖြစ်ပြီး ဒေသခံအများအပြားမှာ ပြီးခဲ့သည့်နှစ်ကတည်းက အိန္ဒိယနိုင်ငံဘက်သို့ တိမ်းရှောင်သွားကြသည်ဟု သိရသည်။

ညနေ ၄ နာရီခွဲခန့်တွင် အထိနာသွားသည့် စစ်ကောင်စီတပ်က ပန်းသာရွာအနောက်ဘက်ရှိ မန်မော်ရွာသို့ နောက်ပြန်ဆုတ်သွားသည့်အတွက် တိုက်ပွဲပြီးဆုံးသွားပြီး တမူး-PDF ရဲဘော် ၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

“သူတို့ (စစ်ကောင်စီ) ဘက်ကလည်း အကျများတယ်ပေါ့ဗျာ၊ အဲဒီအချိန်မှာ သူတို့က ပန်းသာရဲ့အနောက်ဘက် မန်မော်ရွာကို ပြန်ဆုတ်သွားတော့ ကိုယ့်ဘက်ကလည်း ဒဏ်ရာရရဲဘော်တွေရှိတဲ့အတွက် ကျွန်တော်တို့လည်း ပြန်ဆုတ်တာပေါ့ဗျာ” ဟု တမူး PDF တာဝန်ရှိသူက ပြောသည်။

ညနေ ၅ နာရီခွဲခန့်တွင် တမူးမြို့ပေါ်မှ အရေးပေါ်လူနာတင်ယာဉ် သုံးစီးခန့်ဖြင့် ပန်းသာရွာတွင် သေဆုံး၊ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့များကို လာရောက်သယ်ယူသွားသည်ဟု ဒေသခံများကို ကိုးကားပြီး တမူး PDF က ဆိုသည်။

ယနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီတပ်က ကလေးမြို့မှ စစ်အင်အားအချို့ကို တမူးမြို့နယ်သို့ စေလွှတ်ထားသည့်အတွက် စစ်ရေးတင်းမာနေသည်ဟု သိရသည်။ 

ကလေးမြို့မှ ကား ၁၀ စီးဖြင့် ထွက်လာသည့် စစ်တပ်က တမူးနှင့် ကလေးမြို့နယ်ကြား ခမ်းပတ်ရွာတွင် ကားများထားကာ အရပ်သားကားအချို့ကို ချောဆွဲပြီး ဆက်တက်လာသည်ဟု တပ်ရင်း(၃) တာဝန်ရှိသူက ပြောသည်။ 

ချင်းပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းအနောက်ခြမ်း အိန္ဒိယနယ်စပ်ရှိ တမူးမြို့နယ်တွင် လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းနေဆဲဖြစ်ကာ စစ်ကောင်စီတပ် မကြာခဏ တိုက်ခိုက်ခံနေရသည်။

ယခုနှစ် ဇန်နဝါရီအတွင်း တမူးမြို့နယ်အပြင်ဘက်တွင် ဒေသခံ PDF အဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခံရစဉ်အတွင်း ကလေးခရိုင်၊ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးသောင်းမြင့်၊ ဒုရဲမှူးဝင်းနိုင်၊ ရဲအုပ်မိုးထက်နိုင်၊ တပ်ကြပ်ဇော်မင်းအောင်၊ ဒုတပ်ကြပ် ကျော်ဇင်ထိုက် စသည့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button