
ယမန်နေ့က မန္တလေးမြို့တွင် တပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က တစ်မြို့လုံးနီးပါးကို ပိုက်စိပ်တိုက်ရှာဖွေနေပြီး လူငယ်ငါးဦး အဖမ်းခံထားရသည်ဟု မြို့ခံများထံမှ သိရသည်။
အသက် ၄၀ အရွယ် တပ်ကြပ်ကြီး မျိုးထွေးဆိုသူမှာ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်၊ သံလျက် မှော်အနောက်ရပ်ကွက်ရှိ မိဘအိမ်သို့ အလည်ပြန်လာစဉ် သေနတ်ဖြင့်လုပ်ကြံခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။
ထိုသို့ တပ်ကြပ်ကြီးလုပ်ကြံခံရပြီးနောက် ချက်ချင်းဆိုသလို စစ်တပ်က ထိုနေရာတဝိုက်ကို ပိတ်ဆို့ကာ တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့ကြောင်း၊ မန္တလေးမြို့တွင်း နေရာအများအပြားတွင်လည်း ပိတ်ဆို့စစ်ဆေးခဲ့သည်ဟု သိရသည်။
“ရပ်ကွက်တွေကို လေးဖက်လေးတန် ကြိုးတားပိတ်လိုက်တယ်။ အဝင်ရပြီး အထွက်မရတော့ဘူး။ အင်အားက ရာနဲ့ချီတယ်။ အချုပ်ကားတွေလည်းပါတယ်။ စိန်ပန်း၊ အောင်ချမ်းသာ၊ သံနောက် စတဲ့ ရပ်ကွက်တွေကို အရင်ဝင်တယ်။ တစ်အိမ်တက်ဆင်း စစ်တယ်” ဟု ရပ်ကွက်နေ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
၎င်း၏အိမ်သို့ ရောက်လာသည့်စစ်သားများက သေနတ်ထောက်ကာ လူဘယ်နှယောက်နေသလဲဟု မေးမြန်းကြောင်း၊ အိမ်ပေါ်သို့ အတင်းတက်ရှာဖွေကြောင်းလည်း ထိုအမျိုးသားက ဆိုသည်။
“ဗီရိုတွေ ဖွင့်ခိုင်းတယ်။ ခုတင်တွေလှန်တယ်။ အကုန်ရှာလို့ဖွေလို့ ပြီးသွားမှ ဘာလုပ်ကိုင်လဲ စသဖြင့် မေးတယ်။ အိမ်ထောင်စုမှာ လူမရှိတဲ့အိမ်ဆို ပိုစစ်ဆေးတယ်။ ဘယ်သွားနေတာလဲ၊ ဘာသွားလုပ်တာလဲ”
စစ်တပ်က ယမန်နေ့ (ဇွန် ၂၁) ညနေပိုင်းတွင် လူငယ်ငါးဦးကို လမ်းပေါ် ၌ ဖမ်းဆီးသွားသည်ဟုလည်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်းနှင့် ၁၃၅ လမ်းအနီးတွင် လူငယ် ၂ ဦး၊ ချမ်းမြသာစည်မြို့နယ် လမ်း ၆၀ တွင် တစ်ဦး၊ ၆၂ လမ်းနှင့် ၁၀၇ လမ်းဆုံတွင် နှစ်ဦး အဖမ်းခံရခြင်းဖြစ်သည်ဟု မန္တလေးမြို့ခံများ က ဆိုသည်။
အဖမ်းခံရသူ လူငယ်များငါးဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျ မသိရသေးပေ။
တပ်ကြပ်ကြီးလုပ်ကြံခံရသည့် မဟာအောင်မြေမြို့နယ်အပြင် အခြားမြို့နယ်များတွင်လည်း အင်အား အများအပြားဖြင့် ပိတ်ဆို့စစ်ဆေးသည်ဟု သိရသည်။
“စစ်သားတွေကို မည်းလို့၊ အများကြီးပဲ။ လာသမျှတားစစ်၊ တစ်ခုခုကို ရှာတဲ့ပုံမျိုးပဲ” ဟု ချမ်းမြသာ စည်မြို့နယ်တွင် မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးက ဆိုသည်။
မြို့ခံအမျိုးသမီးတစ်ဦးကလည်း ဖြတ်သွားဖြတ်လာလုပ်ရင်း ယူနီဖောင်းဝတ် လက်နက်ကိုင်များက ရှာဖွေနေသည်ကို တွေ့မြင်ခဲ့ရပြီး စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း ပြောသည်။
“ကျွန်မသွားရင်းကြုံတာက ရပ်ကွက်တစ်ခုကို ရှာဖို့ လုပ်နေတာ၊ အရပ်ဝတ်တွေရော၊ ယူနီဖောင်းဝတ်တွေရော၊ အရပ်ဝတ်တွေက ပုံစံတူ တုတ်တွေကိုင်ထားတာ၊ မျက်နှာထားတွေကလည်း တင်းမာလို့၊ ဘယ်လိုမှ ရှောင်လို့မရတော့လို့ သူတို့ကြားထဲက ဖြတ်သွားရတာ၊ ကြောက်တောင်ကြောက်တယ်၊ ကိုယ့်များ လုပ်လိုက်လေမလား” ဟု ထိုအမျိုးသမီးက ဆိုသည်။
စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးကို ပစ်ခတ်လုပ်ကြံခြင်းမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မန္တလေး မြို့ခံပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Generation Z Power (GZP) က ယမန်နေ့ နံနက်တွင် သတင်းထုတ်ပြန်သည်။
ထို GPZ အဖွဲ့ကပင် ပြီးခဲ့သည့်မေလအတွင်း၌ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်တွင် စစ်ကောင်စီသတင်းပေး (ဒလန်) ဟု ကျော်စောသူ အမျိုးသားတစ်ဦးနှင့် ၎င်းကို ကာကွယ်ပေးသည့် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့သည်။
မန္တလေးမြို့တွင် မြို့ပြပြောက်ကျားအဖွဲ့များက စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်နေရာ ယခုလ အတွင်း အနည်းဆုံး ၈ နေရာထက်မနည်းကို တိုက်ခိုက်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)