သတင်း

မန္တလေးတွင် တစ်ပတ်အတွင်း ၈ ကြိမ်တိုက်ခိုက်မှုဖြစ်

မန္တလေးမြို့တွင် ဇွန်လဒုတိယပတ်အတွင်း စစ်ကောင်စီ၏ပစ်မှတ်များ ၈ နေရာခန့် တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့သည်ဟု မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဇွန် ၁၉) နံနက်က ပုသိမ်ကြီးမြို့နယ်၊ မန္တလေး- မိုးကုတ်လမ်းပေါ်ရှိ စိမ်းလဲ့ကန်သာ (ကံသာ) ရွာမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဆွေ သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရပြီး နေရာမှာပင် သေဆုံးခဲ့သည်။

“ပွဲချင်းပြီးလို့ ပြောတယ်။ ဘာဒဏ်ရာတွေနဲ့ ဘယ်လိုသေဆုံးလဲက သွားမကြည့်ရဲတော့ အသေးစိတ်တော့ မသိရပါဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း မသိရှိရသေးသလို အသေးစိတ်အခြေအနေ မေးမြန်းရန် မိသားစုနှင့် စစ်ကောင်စီထံ ဆက်သွယ်၍ မရသေးပေ။

ယင်းနေ့ ညပိုင်းတွင်လည်း မန္တလေးမြို့လယ်ကောင် အောင်မြေသာစံမြို့နယ်၊ ၈၁ လမ်း၊ (၂၆ နှင့် ၂၇ လမ်း ကြား) တွင် စစ်တပ်ပိုင် မြဝတီဘဏ်၏ လုံခြုံရေးဘန်ကာတစ်ခု ဗုံးဖြင့် တိုက်ခိုက်ခံရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သား အနည်းဆုံးတစ်ဦး ထိခိုက်ခဲ့ပြီး ဖြတ်သွားဖြတ်လာ အမျိုးသမီးတစ်ဦးကိုလည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ဘန်ကာထဲမှာရှိတဲ့စစ်သား အနည်းဆုံး တစ်ဦးလောက်တော့ ဒဏ်ရာရတယ်။ လမ်းသွားတဲ့အမျိုးသမီးကလည်း မစိုးရိမ်ဒဏ်ရာရပါတယ်။ အသေအဆုံးတော့ မရှိဘူးဗျ” ဟု သူက ဆိုသည်။

ယင်းတိုက်ခိုက်မှုကို Mother Son Mandalay Force, Myanmar Revolution Ranger Force တို့နှင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း Kings cobra Guerilla Force_Mdy အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

“အမေစုရဲ့ ၇၇ နှစ်ပြည့်မွေးနေ့အဖြစ် မဟာမိတ် ၃ ဖွဲ့က မွေးနေ့လက်ဆောင်ပေးတာပါ။ Mission လုပ်ချိန်ဟာ မိုးရွာနေပြီး အသီး (ဗုံး) က ချော်ပြီး ကျခဲ့တဲ့အတွက် ထိခိုက်မိခဲ့တာပါ။ ပြည်သူတစ်ဦး ထိခိုက်မှုအတွက် ခွင့်လွှတ်နားလည်ပေးကြဖို့ တောင်းပန်အပ်ပါတယ်” ဟု ယင်းအဖွဲ့မှ ဗိုလ်မြွေပွေးဆိုသူက ပြောသည်။

ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်တွင် စည်ပင်သာယာဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

အသက် ၅၁ နှစ်အရွယ် စည်ပင်သာယာရေးကော်မတီ စာရင်းစစ် (ကျွမ်းကျင်-၄) ဦးယုမော်ဆိုသူသည် အခြားဝန်ထမ်း ၅ ဦးနှင့်အတူ ကုန်တင်ကုန်ချယာဉ်များကို စစ်ဆေးရန် မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာချိန် ၃၅ လမ်း၊ (၈၉ နှင့် ၉၀ လမ်းကြား) အရောက် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးက လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။ 

ယင်းပစ်ခတ်မှုကြောင့် ဦးယုမော်သည် နဖူးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“သူက မန္တလေးနဲ့ ကျောက်ဆည်ပြေးတဲ့ လိုင်းကားတွေကို စစ်ဆေးငွေညှစ်နေတဲ့သူလို့ နာမည်ကြီးတယ်။ ဘာ့ကြောင့် အသတ်ခံရလဲ၊ ဘယ်သူတွေက လုပ်လဲ မသိရသေးပါဘူး” ဟု ဆိုသည်။

မန္တလေးတွင် ယခုဇွန်လအတွင်း စစ်ကောင်စီ၏ထောက်တိုင်များ၊ အုပ်ချုပ်ရေးမှူးနှင့် ရဲများ၊ ၎င်းတို့နှင့် ဆက်စပ်သူများ တိုက်ခိုက်ခံရမှုဖြစ်စဉ် များပြားနေသည်။

ဇွန် ၁၂ မှ ၂၀ ရက်အတွင်း စစ်ကောင်စီနှင့် ဆက်စပ်သည့် ၈ နေရာ တိုက်ခိုက်ခံခဲ့ရသည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။

ဇွန် ၁၂ ည ၇ နာရီတွင်လည်း ၈၅ လမ်း (၃၂ နှင့် ၃၃ လမ်းကြား) မန္တလေးစည်ပင်သာယာအား ငွေပေးကာ နေအိမ်များ ဖျက်ခိုင်းနေသည်ဟု စွပ်စွဲခံထားရသည့် အောင်မြင်သူကုမ္ပဏီပိုင် ဆီဆိုင် တိုက်ခိုက်ခံရသည်။

မန္တလေးမြို့တွင်း ပြည်သူ့နေအိမ်များအား ကျူးဟု ခေါင်းစဉ်တပ်ကာ ဖယ်ရှားဖျက်ဆီးမှုများတွင် ပါဝင်ပတ်သက်နေသဖြင့် ဖောက်ခွဲသတိပေးခဲ့ပြီးကြောင်း မန္တလေးမြို့ပြပြောက်ကျားမဟာမိတ်တပ်ပေါင်းစု (ARFOM) က ထုတ်ပြန်ခဲ့ သည်။

ဇွန် ၁၄ တစ်နေ့တည်းမှာပင် ပျူစောထီးခေါင်းဆောင်ဟု အမည်ကျော်သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး၏ နေအိမ်အပါအဝင် သုံးနေရာ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီတွင် မဟာအောင်မြေမြို့နယ် လမ်း ၈၀ နှင့် ၄၃ လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဗုံးပေါက်ကွဲခဲ့ပြီး ညနေ ၅ နာရီခန့်တွင် မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်းနှင့် လမ်း ၉၀ အနီးရှိ ရေကြောင်းရုံး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးများအနီး စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရသည်။

ယင်းညနေ ၅ နာရီခန့်တွင် မဟာအောင်မြေမြို့နယ်၊ လန်ဒန်ဝင်းရပ်ကွက် ကန်ပတ်လမ်းနှင့် အမေတက်သိမ်းနတ်နန်းအနီးမှ အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း၏နေအိမ် ဗုံးဖြင့် တိုက်ခိုက်ခံရသည်။

ဇွန် ၁၅ တွင် ၁၉ လမ်း နန်းမြို့ရိုးဝင်ပေါက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဂိတ်ကို Mandalay Ranger Force (ROM) ,YURF,MDY UG alliance စသည့်မဟာမိတ်အဖွဲ့များပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ROM အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်ကလည်း လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ ရပ်ကွက်အဝင်အထွက်လမ်းများကို ပိတ်ဆို့၍ တစ်အိမ်တက်ဆင်းရှာဖွေခြင်း၊ PDF,NUG,NLD တို့နှင့် ဆက်စပ်သူများကို အကြမ်းဖက်သမားတံဆိပ်ကပ်ပြီး ဖမ်းဆီးထောင်ချ၊ သတ်ဖြတ်ခြင်းတို့ဖြင့် တုံ့ပြန်နေသည်ဟု ဒေသခံတို့က ပြောသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button