သတင်း

သက်သာသည့်နှုန်းထားဖြင့် နိုင်ငံပိုင်တိုက်ခန်းများ ငှားရမ်းခွင့်ရခဲ့သည့် ပါတီများ တိုက်ခန်းခ ပုံမှန်မသွင်းဟုဆို

ရန်ကုန် – နိုင်ငံပိုင်တိုက်ခန်းများကို ဈေးသက်သက်သာသာဖြင့် ငှားရမ်းခွင့်ရထားသည့် နိုင်ငံရေးပါတီများသည် အခန်းခများ ပေးသွင်းရန် ပျက်ကွက်နေသည့်အတွက် ပြန်လည်စိစစ်၍ တိုက်ခန်းများ ပြန်လည်သိမ်းယူရန် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် ယနေ့ တိုက်တွန်းခဲ့သည်။

အဆိုပါပါတီများသည် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာရှိ နိုင်ငံပိုင်တိုက်ခန်းများကို တစ်လလျှင် ကျပ် ၂၂,၀၀၀ နှုန်းဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ ငှားရမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာကို ကိုးကားပြီး ဦးနေဘုန်းလတ်က ပြောသည်။

“(ငှားရမ်းခ) နည်းနည်းနဲ့ ငှားတာတောင်မှ စာချုပ်ပါ စည်းကမ်းအတိုင်း လခမပေးဘူး။ လခမပေးလို့ ဒဏ်ကြေးတွေ ပေးရမှာကိုလည်း မပေးဘူး။ တချို့ဆိုရင် လခမပေးတာ သုံးလကျော်နေပြီ။ ဒါဆို စာချုပ်အတိုင်း အခန်းပြန်သိမ်းရမှာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

လခပုံမှန်မပေးဟုဆိုသည့် အဆိုပါနိုင်ငံရေးပါတီ ၁၁ ပါတီတို့မှာ မြိုတိုင်းရင်းသားပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ၊ မြန်မာအမျိုးသား ကွန်ကရက်ပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ဗမာပြည်သူ့ပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ နှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ တို့ ဖြစ်သည်။

နိုင်ငံရေးပါတီများအတွက် အထူးအခွင့်အရေးအဖြစ် ဈေးသက်သက်သာသာဖြင့် ငှားရမ်းခွင့်ပြုထားသည့် နိုင်ငံပိုင်တိုက်ခန်းများတွင် ပါတီလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိဘဲ ပြန်လည် ငှားစားကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်း ရှိမရှိကို ပြန်လည်စိစစ်ပြီး စာချုပ်ပါအချက်အလက်များ ဖောက်ဖျက်ပါက ငှားရမ်းခွင့်ကို ပြန်လည်သိမ်းဆည်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်အမတ်ဖြစ်သူ ၎င်းက တိုက်တွန်းသည်။

မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် အဆိုပါတိုက်ခန်းများကို သမ္မတဦးသိန်းစိန်လက်ထက်တွင် ရန်ကုန်မြို့တွင် ရှိနေသည့် နိုင်ငံရေးပါတီများအတွက် သီးသန့်သဘောဖြင့် အငှားချပေးခြင်း၊ အပြီးအပြတ် ရောင်းချခြင်းများဖြင့် နိုင်ငံတော်ဘဏ္ဍာ ရရှိရေး၊ နိုင်ငံရေးပါတီများ နေရာအခက်အခဲမရှိစေရေးအတွက် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်သူအောင်က ပြောသည်။

တိုက်ခန်းခ ကြွေးကျန်နေခြင်းမှာ ခရီးလွန်နေခြင်းကြောင့်ဖြစ်ပြီး သတ်မှတ်ဒဏ်ကြေးဆောင်ကာ အခန်းခများ ပြန်လည်ပေးသွင်းမည်ဟု ၎င်းက ဆိုသည်။

နိုင်ငံပိုင်တိုက်ခန်းငှားခ ပေးရန် ကျန်နေကြောင်း လွှတ်တော်တွင်း ပြောကြားခံခဲ့ရသည့် မြန်မာအမျိုးသားကွန်ဂရက်ပါတီသည် တိုက်ခန်းခကြွေးကျန်များကို ပြီးခဲ့သည့်လပိုင်းအတွင်း ပေးချေခဲ့ကြောင်း၊ ယခုနှစ်အတွင်း အကြွေးကျန်သည့်ဒဏ်ကြေးအပြင် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က ကျန်ရှိခဲ့သည့် နောက်ကြောင်းပြန် ဒဏ်ကြေးများကိုပင် ပေးသွင်းခဲ့ရသေးကြောင်း ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ပြောသည်။

“ကျွန်တော်တို့က အိမ်အခန်းငှားခကို သုံးလတစ်ကြိမ်လောက်မှ ပေးသွင်းတာမျိုး လုပ်ခဲ့တာပါ။ အခုဆို အကြွေးကျန်တယ်ဆိုလည်း ဒီနှစ် စက်တင်ဘာလလောက်ပဲ ကျန်တော့မယ်။ လက်ထဲမှာ ပိုက်ဆံရှိရင် ရှိသလို ကြိုသွင်းတာမျိုးလည်း လုပ်တတ်ပါတယ်။ သုံးလတစ်ကြိမ်လောက်မှ ပေးသွင်းဖြစ်တာကို အခုလို ပြောတယ်ထင်ပါတယ်။ နောက်ပြီး အခန်းခသွင်းတာ နောက်ကျလို့ ဆိုပြီး ဒဏ်ကြေးဆောင်ဆိုလည်း ကျွန်တော်တို့က ဆောင်ပါတယ်” ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button