
ကန့်ကွက်မှုများရှိသော်လည်း ကမ္ဘောဒီယားနိုင်ငံတွင် ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) ကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ရန်ရှိနေသည်။
ကမ္ဘောဒီယားနိုင်ငံတွင် ဇွန် ၂၁ မှ ၂၂ အထိ ကျင်းပမည့် ၁၆ ကြိမ်မြောက် ADMM အစည်းအဝေးတွင် ဂျပန်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးများနှင့် သီးသန့်အစည်းအဝေးများလည်း ပါဝင်မည်ဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီယားအနေဖြင့် မြန်မာအပါအဝင် အာဆီယံနိုင်ငံအားလုံးမှ ကာကွယ်ရေးဝန်ကြီးများတက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ကမ္ဘောဒီယားကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်ကို ကိုးကား၍ Khmer Times သတင်းဌာနက ယမန်နေ့တွင် ရေးသားသည်။
“ဒီနှစ်အတွက် ဥက္ကဋ္ဌအနေနဲ့ အာဆီယံအဖွဲ့ဝင်အားလုံးကို ဖိတ်ခေါ်ရာမှာ အာဆီယံ ၁၀ နိုင်ငံလုံးဖြစ်ဖို့ ကျွန်တော်တို့ ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ပါတယ်။ အာဆီယံနိုင်ငံရှစ်ခုမှ သဘာတူဆန္ဒလည်း ရထားပါတယ်” ဟု ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် Nem Sowath က ဆိုသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ ကန့်ကွက်မှုကြောင့် ယခင်ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးတို့ကို တက်ရောက်ခွင့်မပြုခဲ့ပေ။
အာဆီယံသည် ရက်စက်ကြုမ်းကြုသော ရာဇဝတ်မှုကျူးလွန်နေသည့် အာဏာသိမ်းမြန်မာစစ်တပ်ကို အကြိမ်ကြိမ်အသိအမှတ်ပြုနေခြင်းမှာ နောက်ထပ်ရာဇဝတ်မှုများကျူးလွန်ရန် ပိုမိုအတင့်ရဲလာစေပြီး ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာပြည်သူတို့၏ ကြိုးစားမှုကို နှောင့်ယှက်ဟန့်တားခြင်းဖြစ်ကြောင်း Justice For Myanmar (JFM) အဖွဲ့က ဝေဖန်ထားသည်။
အာဆီယံ၏ အခြားအစည်းအဝေးများတွင် စစ်ကောင်စီကိုယ်စားပြုမှုကို ချန်လှပ်ထားသော်လည်း ADMM အစည်းအဝေးက စစ်ကောင်စီ၏ တရားဝင်မှုကို ပံ့ပိုးပေးရာရောက်ကြောင်းလည်း JFM က ဆိုသည်။
ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့်ပြင် လူထုအပေါ် ကျူးလွန်သည့် ရပ်စက်ကြုတ်ကြတ်မှုများတွင် တာဝန်ရှိသူဖြစ်၍ အမေရိကန်၊ ဗြိတိန်နှင့် အီးယူတို့က အရေးယူပိတ်ဆို့ထားရာ ADMM အစည်းအဝေးကို တက်ရောက်ခွင့်မပြုရန် ပြည်တွင်းပြည်ပအဖွဲ့အစည်းပေါင်း ၆၀၀ ကျော်က တောင်းဆိုထားသည်။
အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စုကို တရာဝင်မှုမပေးရန် အရေးကြီးပြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ယခုအစည်းအဝေးသာမက လာမည့်အစည်းအဝေးများကို မဖိတ်ကြားရန် ထိုအဖွဲ့အစည်းများက တောင်းဆိုသည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံပဋိပက္ခအပေါ် ချဉ်းကပ်ပုံ ပြောင်းလဲစဉ်းစားသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က the Diplomat မဂ္ဂဇင်းတွင် ဇွန် ၁၄ ရက်က ရေးသားထားသည်။
စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှု တစ်နေ့တခြား အရှိန်မြင့်တက်နေသည်ကို အာဆီယံအနေဖြင့် လျှော့မတွက်သင့်ကြောင်းလည်း ဦးရည်မွန်က သတိပေးသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)