
စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေပြီး ယမန်နေ့ (ဇွန် ၁၇ ရက်) တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သားတို့ အထိနာခဲ့သည်ဟု ကသာ-PDF အဖွဲ့က ပြောသည်။
ဇွန် ၁၇၊ မွန်းလွဲ ၂ နာရီခန့်က ကသာမြို့ကားကြီးဝင်းအနောက်ဘက် ငါးကန်အနီး တပ်ချကာ ထမင်းစားနားနေသည့် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ကို ကသာ-PDF အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းမှာ အင်အား ၂၀၀ ကျော်ဖြင့် ကသာမြို့အနောက်ဘက်ကမ်းတစ်လျှောက် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ၎င်းစစ်ကြောင်းထဲမှ အင်အား ၆၀ ခန့်ဖြင့် ခွဲထွက်လာခြင်းဖြစ်သည်ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။
“သူတို့ (စစ်ကောင်စီတပ်) နားနေတယ်လို့ သတင်းရတာနဲ့ ကျွန်တော်တို့သွားလုပ်တာ၊ ကျွန်တော်တို့ တောက်လျှောက် သတင်းလိုက်နေတာ၊ အဲဒီနားမှာ သွားမိတာနဲ့ သွားပစ်တာ” ဟု ၎င်းက ဆိုသည်။
မိနစ်အနည်းငယ်ကြာ ပစ်ခတ်ပြီးနောက် PDF အဖွဲ့များ နောက်ပြန်ဆုတ်ခဲ့သည့်အတွက် တိုက်ပွဲပြီးဆုံးခဲ့သည်ဟု သူက ပြောသည်။ မွန်းလွဲ ၄ နာရီခန့်မှာတော့ တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာမှ ဒဏ်ရာရစစ်သားများကို ကုန်တင်ကားတစ်စီးဖြင့် ကသာဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဒေသခံများကို ကိုးကားပြီး ကသာ-PDF အဖွဲ့ထံမှ သိရသည်။
ထိုနေ့တစ်နေ့တည်းမှာပင် ကသာမြို့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ အင်းရွာတိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ထိပ်တိုက် တိုက်ပွဲတစ်ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှုတစ်ကြိမ်နှင့် လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိသည်ဟုလည်း ကသာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ (ဇွန် ၁၇) က ထုတ်ပြန်ထားသည်။
ကသာမြို့အရှေ့ဘက်ကမ်းတိုက်ပွဲများကို ကသာ-PDF တပ်ရင်း (၃) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးလည်း သေဆုံးခဲ့သည်ဟု သိရသည်။
တစ်ရက်အတွင်း တိုက်ပွဲအားလုံးမှ စစ်ကောင်စီတပ်အင်အား ၄၀ ခန့်အထိ ကျဆုံးနိုင်သည်ဟု PDF များက ခန့်မှန်းသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီကိုလည်း မေးမြန်းနိုင်ခြင်းမရှိသေးပေ။
ယနေ့ (ဇွန် ၁၈) တွင် တိုက်ပွဲများမရှိသော်လည်း ကသာမြို့ပေါ်တွင် မြို့ခံများ အသွားအလာနည်းပါးနေသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၉ ရက်ကလည်း ကသာမြို့အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်များအကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့သေးသည်။ စစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်တော်လှန်ရေးများ အားကောင်းလာခဲ့သည်။
ကသာမြို့မှာ ဧရာဝတီမြစ်ကြောင်းပေါ်တွင်ရှိသည့်အတွက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ကို ကုန်းကြောင်းရော ရေကြောင်းကပါ ကူးလူးသွားလာနေသည့် စစ်ကောင်စီတပ်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။
ကချင်ပြည်နယ်နယ်စပ်အနီးရှိသည့် စစ်ကိုင်းတိုင်းမှ မြို့နယ်အချို့တွင် KIA က ဝင်ရောက်လှုပ်ရှားနေကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလ ၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်ပြည်နယ်အတွင်း ၎င်းတို့တပ်များ ဝင်ရောက်တိုက်ခိုက်စရာ အကြောင်းရင်းမရှိကြောင်း ပြီးခဲ့သည့် ရက်အနည်းငယ်က Myanmar Now ကို ဖြေကြားထားသည်။
စစ်ကောင်စီ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် PDF အဖွဲ့ပေါင်း တစ်နိုင်ငံလုံးတွင် ၄၀၀ ကျော်ရှိနေပြီး အင်းအား ၅၀,၀၀၀ အထက်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြောထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)