သတင်း

မင်းတပ်တွင် လက်နက်ကြီးထိမှန်ပြီး ရွာသူရွာသားသုံးဦး သေဆုံး

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသမီးနှစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ (ဇွန် ၁၆) နံနက်ပိုင်းတွင် မင်းတပ်အခြေစိုက် အမှတ် ၂၇၄ ခြေလျင်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ခြင်းဖြစ်ကာ မြို့မြောက်ဘက် ၁၀ မိုင်အကွာရှိ မွီတွီရွာအနီး ကျရောက်ကွဲကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

မွီတွီရွာမှ လက်နက်ကြီးထိမှန် သေဆုံးသူများအနက် အမျိုးသမီးနှစ်ဦးမှာ အသက် ၆၀ နှင့် ၃၀ အရွယ်များဖြစ်သည်ဟု သိရသည်။ 

လက်နက်ကြီးထိမှန်သဖြင့် လူနေအိမ် လေးလုံး ထိခိုက်ပျက်စီးကာ အခြားအမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒီနေ့မနက်ပိုင်းက ပထမ ၃ ချက် ကြားရတယ်။ မွီတီရွာဘက်က သက်ကြီးရွယ်အိုတွေ ထိခိုက်တယ်လို့ ကြားရပြီးနောက်မှာ လက်နက်ကြီးသံ ၃ ချက် ထပ်ကြားရပါတယ်။ လက်နက်ကြီးသံက တော်တော်ကျယ်ပါတယ်။ မြို့ပေါ်မှာ မြေကြီးတွေတောင် တုန်သွားပါတယ်” ဟု မင်းတပ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“မွီတွီရွာက အောက်ခြေလမ်းနဲ့တော့ ၁၀ မိုင်လောက် ဝေးတယ်။ လေမိုင်နဲ့ဆိုရင်တော့ သုံးမိုင်လောက် ဝေးတယ်”

မင်းတပ်မြို့ပေါ်၌ စစ်တပ် တပ်စွဲထားရာ နေရာများကို ဇွန် ၁၄ ရက်တွင် သွားရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) မင်းတပ်က ထုတ်ပြန်ထားသည်။​

ထိုသို့တိုက်ပွဲဖြစ်ပွားနေစဉ် မင်းတပ်ရှိ ၂၇၄ တပ်ရင်းနှင့် ကျောက်ထုမြို့ရှိ အမြောက်တပ်တို့မှ လက်နက်ကြီးဖြင့် ၉ ချက်ပစ်ခတ်ကြောင်း၊ မြို့မြောက်ဘက်ရှိ ဘောင်ထဲကျေးရွာအနီး နှစ်လုံးကျရောက်ပေါက်ကွဲကြောင်း မင်းတပ် CDF က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက မြို့ဝင်မြို့ထွက်ဂိတ်များတွင် စစ်ဆေးရေး တင်းကျပ်ထားပြီး မင်းတပ်မြို့တွင်း၌ လူသွားလူလာ နည်းပါးနေကြောင်း သိရသည်။ 

“အပြင်မထွက်ရဲကြဘူး။ အိမ်မှာပဲ ကိုယ့်အိမ်ပဲဖြစ်ဖြစ်၊ စစ်ဘေးရှောင်စခန်းမှာပဲဖြစ်ဖြစ် နေကြတယ်။ ဘယ်သူမှ အပြင်သိပ်မထွက်ကြဘူး” ဟု အထက်ပါ မင်းတပ်မြို့ခံက ပြောသည်။ 

ပြီးခဲ့သည့် မေလအတွင်းကလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် မင်းတပ်မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ မဒပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ် အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ 

စစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်ခုခံခဲ့ရာ ဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် ဒေသခံ CDF အဖွဲ့များက အဆက်မပြတ် ခုခံတော်လှန်နေဆဲဖြစ်ကာ စစ်ကောင်စီအနေဖြင့် နယ်မြေစိုးမိုးနိုင်ခြင်း မရှိသေးပေ။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button