
နေ့စဉ်နှင့်အမျှ အစစ်အဆေး အဖမ်းအဆီးကြမ်းနေသော မန္တလေးမြို့တွင် ယမန်နေ့ ( ဇွန် ၁၄) တစ်နေ့တည်းမှာပင် ပျူစောထီးခေါင်းဆောင်ဟု နာမည်ကျော်သည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး၏ နေအိမ်အပါအဝင် သုံးနေရာ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မဟာအောင်မြေမြို့နယ် လမ်း ၈၀ နှင့် ၄၃ လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဗုံးပေါက်ကွဲခဲ့ကြောင်း ယင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
“လူသေဆုံးမှုတော့ မရှိပါဘူး။ အုပ်ချုပ်ရေးရုံးကိုပဲ သတိပေးတဲ့သဘော ထုသွားတာ ထင်ပါတယ်။ ရုံးက မှန်တွေ အတော်များများတော့ ပျက်စီးခဲ့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုသူက ပြောသည်။
ယင်းဖြစ်စဉ်အပြီး ညနေ ၅ နာရီခန့်တွင် မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် လမ်း ၉၀ အနီးရှိ ရေကြောင်းရုံး၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးများအနီး စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ယာဉ်ပေါ်လိုက်ပါလာသည့် စစ်သားများ သေဆုံး ထိခိုက်မှုရှိနိုင်ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။
“အသံကြီးက တော်တော်အောင်တယ်။ မိုင်းလို့ ပြောတာပဲ။ ကျွန်တော်တို့ကားကို အဝေးက ကြည့်တာတောင် တော်တော်လေးပျက်စီးတယ်။ ကားတစ်ခြမ်းလုံး စောင်းသွားပြီး ကားတံခါး ပွင့်လျက်ကြီး အော်သံတွေလည်း ကြားရတယ်” ဟု ၎င်းက ပြောသည်။
ထိုပေါက်ကွဲမှုတွင် စစ်ကားအကြီးတစ်စီး ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ တပ်ကြပ်ကြီးအဆင့်တစ်ဦးနှင့် တပ်သားအဆင့်တစ်ဦး ဒဏ်ရာပြင်းထန်သည်ဟု ကြားရကြောင်း၊ လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားသည်ကို မြင်ရကြောင်း ၎င်းက ဆက်ပြောသည်။
“၂ယောက် ထိတယ်လို့ ကြားတယ်။ ကျွန်တော်က အဲဒီထက် များမယ်တောင် ထင်တယ်။ သွားကြည့်လို့လည်း မရဘူး။ ဖြစ်ဖြစ်ချင်းကို အင်အား ၅၀ လောက် ရောက်လာပြီး လမ်းကို ထုပ်စီးတိုးသလို ပိတ်ပြီးတော့ သေနတ်တွေနဲ့ ချိန်ထားတယ်။ ဘယ်သူမှ ဝင်ကြည့်လို့မရဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါမိုင်းခွဲတိုက်ခိုက်ခံရသည့်စစ်ကားသည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာနှင့် ဗန်းမော်ဘက်မှ ဒဏ်ရာရတပ်သားများကို သင်္ဘောဖြင့် တင်ဆောင်လာပြီး ဂေါဝိန်ဆိပ်ကမ်းမှတစ်ဆင့် ပြင်ဦးလွင်ခုတင် (၇၀၀) ဆံ့ စစ်ဆေးရုံသို့ ပို့ဆောင်ရန် သယ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆကြသည်။
“သူတို့ ပြင်ဦးလွင်ကို တက်မယ်လို့ ယူဆရတာပေါ့။ ဒါပေမဲ့ လူနာတင်ကားတွေက လမ်း ၈၀ ဘက် မောင်းသွားတော့ နန်းတွင်းထဲကို သွားမယ်ထင်တယ်” ဟု ဒေသခံနောက်တစ်ဦးက ဆိုသည်။
“အထက်ကနေပြီး ဒဏ်ရာရလို့ တင်လာတဲ့ကား။ အနီးကပ်တော့ မမြင်ရဘူး။ လူ တော်တော်ပါတယ်”
အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကို Generation Z Power (GZP) ပြောက်ကျားအဖွဲ့က လုပ်ဆောင်ကြောင်း၊ ယင်းစစ်ကားသည် အထက်ပိုင်းတိုက်ပွဲများမှ ဒဏ်ရာရရှိလာသော စစ်ကောင်စီတပ်သားများကို ဆေးကုသရန် တင်ဆောင်လာသောယာဉ်ဖြစ်ပြီး ၎င်းတို့က ပဒေသာမိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ထိခိုက်ဒဏ်ရာရမှု များပြားနိုင်ကြောင်း (GZP) အဖွဲ့က ဇွန် ၁၄ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် အချိန်တပြေးညီခန့်တွင် မဟာအောင်မြေမြို့နယ်၊ လန်ဒန်ဝင်းရပ်ကွက် ကန်ပတ်လမ်းနှင့် အမေတက်သိမ်းနတ်နန်းအနီးမှ အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း၏နေအိမ် ဗုံးဖြင့် တိုက်ခိုက်ခံရသည်။
သူ၏နေအိမ်တွင် ပြည်ခိုင်ဖြိုးပါတီရုံးခွဲလည်း ဖွင့်ထားကြောင်း၊ သူသည် ရပ်ကွက်အတွင်း လူမိုက်များဖြင့် အုပ်စုဖွဲ့နေသော ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း ၎င်းရပ်ကွက်ဒေသခံတစ်ဦးက ဆိုသည်။
ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၎င်းအိမ်တွင်ရှိနေသည့် လူအချို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု ကြားသိရကြောင်း ထိုလူက ပြောသည်။
“အသံက တော်တော်လေးကျယ်တယ်။ အိမ်တွေပါ တုန်တယ်။ ဗုံးသီးနဲ့ ပစ်သွားတာလို့ ကြားတယ်။ အိမ်ထဲ မကျဘဲ ကားပေါ်ကွဲတာ။ ညွန့်ဝင်းကတော့ မသေဘူး။ မနက်ပိုင်း ဈေးသွားဈေးလာလုပ်နေတာတောင် တွေ့သေးတယ်။ အခြားလူတွေ ထိတယ်လို့ ပြောတယ်” ဟု ရပ်ကွက်ခံအမျိုးသားက ဆက်ပြောသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း ၁၉ လမ်း နန်းမြို့ရိုးဝင်ပေါက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဂိတ်ကို Mandalay Ranger Force (ROM) ,YURF,MDY UG alliance စသည့်မဟာမိတ်အဖွဲ့များပူးပေါင်းကာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ROM အဖွဲ့က ထုတ်ပြန်ထားသည်။
“လမ်းသွားလမ်းလာပြည်သူများကို ရှောင်ပစ်ခဲ့ရပြီး လက်နက်အခက်အခဲကြောင့် နှစ်ချက်သာ ပစ်ခတ်ခဲ့ပြီး အမြန်ပြန်ဆုတ်ခဲ့ရပါတယ်” ဟု ROM အဖွဲ့က ဆိုသည်။
ထိခိုက် သေဆုံးမှု ရှိ၊မရှိ မသိရှိရသေးပေ။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်ပြီးစစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို Myanmar Now က စစ်ကောင်စီကို မေးမြန်းခွင့် မရသေးပေ။
မန္တလေးတွင် ယခုလဇွန်လအတွင်း၌ စစ်ကောင်စီ၏အုပ်ချုပ်ရေးမှူးများ၊ ရဲများ၊ စစ်ကောင်စီနှင့် ဆက်စပ်သည့် အဆောက်အအုံများ တိုက်ခိုက်ခံရမှု များပြားနေသည်။
စစ်ကောင်စီတပ်ကလည်း ဆန့်ကျင်သူများ၊ လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သည်ဟု ယူဆရသည့်သူများကို နေ့စဉ် ဖမ်းဆီးသတ်ဖြတ်နေသည်။
တိုက်ခိုက်မှုအများပြားဆုံးဖြစ်ပွားနေသည့် မန္တလေး မဟာအောင်မြေမြို့နယ်ကို စစ်ကောင်စီက ပစ်မှတ်ထား ဖိနှိပ်နေပြီး ယနေ့ နံနက်တွင် မဟာအောင်မြေ ၄၁ လမ်းနှင့် ၈၉ လမ်းတွင် အင်အား ၅၀ ခန့်ဖြင့် လမ်းပိတ်ဆို့ထားပြီး ရွှေဂူရပ်တွင် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်းဒေသခံများထံမှ သိရှိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)