သတင်း

ပခုက္ကူတွင် ရွာမီးရှို့သည့်တပ်က သက်ကြီး ၂ ဦးကို သတ်ဖြတ်ဟု ဒေသခံတို့ပြော  

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ဇွန် ၈ မှ စတင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ၆၅ နှစ်နှင့်အထက် ရွာသား ၂ ဦးကို သတ်ဖြတ်ကာ အိမ်များကို မီးရှို့ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသခံ ၂ ဦးထံမှ သိရသည်။

တောင်ပလူရွာတွင် ဒေသခံအများအပြား ညှဉ်းပန်းနှိပ်စက်ခံရပြီး ထိုအထဲမှ အသက် ၆၅ နှစ်အရွယ် ဦးစိုးဟန်သည် ဒဏ်ရာများကြောင့် ထွက်ပြေးနိုင်ခြင်းမရှိခဲ့ဟု ထိုရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

“ပစ်သတ်သွားတာတော့ မဟုတ်ဘူး၊ ထိုးကြိတ်သွားတော့ အသက်ကြီးတဲ့သူဆိုတော့ အတွင်းကြေကြေပြီး သေသွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုရွာသားက ပြောပြသည်။

“ကျွန်တော်တို့ အချိန်မီ သွားကယ်တာတောင် စကားတောင် မပြောနိုင်ပါဘူး၊ ကျွန်တော်တို့ရှေ့မှာတင် ဆုံးသွားတာ”

ဇွန် ၁၁ နံနက်တွင် ၎င်း၏သားဖြစ်သူက ရွာအတွင်းကျန်ခဲ့သော ဖခင် ဦးစိုးဟန်ကို သွားရောက်ကယ်ဆယ်ရာ တွေ့ပြီး ၅ မိနစ်ခန့်အကြာတွင် ဆုံးသွားသည်ဟု သူက ပြောသည်။

အလားတူ အရှေ့ကမ်းဖြူရွာမှ အသက် ၇၀ နှစ်အရွယ် လေဖြတ်နေသော ဒေါ်အေးမေဆိုသူသည် စစ်တပ်ရောက်လာချိန် မပြေးနိုင်၍ အိမ်တွင်ကျန်ခဲ့ရာ အိမ်နှင့်အတူ တစ်ပါတည်း မီးလောင်သေဆုံးသွားသည်။ ရုပ်အလောင်းကို ရွာသားများ ဇွန် ၁၂  ရက် ရွာထဲ ပြန်ဝင်ချိန် တွေ့ရပြီး ချက်ချင်းသင်္ဂြိုဟ်လိုက်သည်ဟု သိရကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။ 

စစ်ကောင်စီတပ်နှင့်အတူ ၎င်းတို့ လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့လည်း ပါဝင်ကြောင်း၊ ရွာအတွင်း လုယက်ကြကြောင်း သူက ဆိုသည်။

“ဆုံးရှုံးမှုကတော့ ဘယ်လောက်ရှိလဲဆို ကျွန်တော်တို့တစ်ရွာလုံးမှာ ဆန် ၃ ပြည်ပဲ ကျန်ခဲ့တယ်။ ကျန်တာ ဘာမှ မကျန်ခဲ့ဘူး၊ အကုန်ယူသွားတာ။ ဆီ၊ ဆန်၊ ဆား၊ အဝတ်အစားကအစ အသုံးလိုတဲ့ပစ္စည်း အကုန် ယူသွားတယ်၊ ကျွဲနွားတိရစ္ဆာန်တွေ ချက်ပြုတ်စားသွားတယ်” ဟု သူက ပြောသည်။

ရွာမီးရှို့ခြင်း

ပခုက္ကူမြို့နယ်နှင့် ဆိတ်ဖြူမြို့နယ်အစပ်၊ ယောချောင်းတစ်လျှောက် ကျေးရွာ ၂၀ ခန့်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ဇွန် ၈ မှစ၍ တစ်ပတ်ကြာ စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

ဧရာဝတီတစ်ဖက်ကမ်း ပုဂံ-ညောင်ဦးဘက်မှ ဆိက္ခဝရွာဘက် ရောက်လာသော စစ်ကောင်စီတပ်သား ၂၀၀ ခန့်သည် ထိုနေ့ ညနေ ၃ နာရီခန့်တွင် တောင်ပလူကျေးရွာကို ဝင်ရောက်လာပြီးနောက် ထိုမှတစ်ဆင့် ဘေးချင်းကပ်ရွာ ၄ ရွာကို ဆက်တိုက်စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ ရာချီကို ဖမ်းဆီး နှိပ်စက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။ 

ထို့စစ်ကြောင်းနောက်မှ ပျူစောထီး ၇၀ ခန့်က ဇွန် ၁၀ တွင် တောင်ပလူ၊ အရှေ့ကမ်းဖြူ၊ ဒဲပြားရွာတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ မီးတင်ရှို့ခဲ့သည်ဟု တောင်ပလူရွာမှ အထက်ပါဒေသခံက ပြောသည်။

“၁၀ ရက်နေ့ ၃ နာရီခွဲလောက်မှာ စရှို့တယ်၊ ည ၁၂ လောက်မှ မီးငြိမ်းတယ်၊ ရွာတောင်ဘက်အစွန်ကနေ စရှို့တယ်၊ နောက်တစ်ခေါက် ၁၀ နာရီလောက်ကျ ကျန်ခဲ့တဲ့ အိမ်တွေကို ပတ်ရှို့တယ်၊ ကမ်းဖြူရွာကိုလည်း ဒီလိုပဲ” ဟု သူက ဆက်ပြောသည်။

မီးလောင်သည့် အိမ်အရေအတွက်မှာ တောင်ပလူရွာတွင် ၁၅၇လုံး၊ အရှေ့ကမ်းဖြူရွာတွင် ၄၂ လုံး၊ ဒဲပြားရွာတွင် ၁၆ လုံး ဖြစ်သည်ဟု သိရသည်။ တောင်ပလူရွာတွင် ဆေးခန်းနှင့် ဓမ္ဓာရုံလည်း မီးထဲ ပါသွားသည်ဟု ဆိုသည်။ 

ထိုဒေသအတွင်း နှိပ်စက်၊ သတ်ဖြတ်၊ လုယက်၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ကို ပြီးခဲ့သည့်ရက်များအတွင်း မေးမြန်းရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့သလို စစ်ကောင်စီသတင်းထုတ်ပြန်ချက်များတွင်လည်း ထိုဖြစ်ရပ်များ ပါဝင်ခြင်း မရှိပေ။

မီးရှို့မှု ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက မကြာခဏဆိုသလို တုံ့ပြန်တတ်သည်။

ပခုက္ကူမြို့နယ် စညောင်းရွာမှ စစ်ကြောင်းပြန်ထွက်သွားရာတွင်လည်း ဆိုင်ကယ် ၈ စီးနှင့် ကား ၂ စီးကို ရွာများမှ သယ်ယူလာသော စားနပ်ရိက္ခာများနှင့် ပစ္စည်းများသယ်ရန် ယူဆောင်သွားကြောင်း သိရသည်။ 

ယောချောင်းအရှေ့ဘက် ဆိတ်ဖြူမြို့နယ်အတွင်းရှိ ထမ္မကောက်၊ နုံးပုံ၊ သံပုရာပင်၊ ဆားလောက်၊ အနောက်ကမ်းဖြူ စသည့် ကျေးရွာ ၁၅ ရွာခန့်ကို တစ်ပတ်အတွင်း စစ်ကြောင်းထိုးခဲ့ပြီး မပြေးနိုင်ဘဲ ကျန်ခဲ့သူများ ဖမ်းဆီးနှိပ်စက်ခံရသည်ဟု  ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အိမ်မီးမရှို့သော်လည်း ပစ္စည်းများကို ရှို့ခဲ့သည်ဟု သူက ဆက်ပြောသည်။ 

“ကျွန်တော်တို့ဘက်ခြမ်းကတော့ (အိမ်) မီးရှို့မခံရဘူး။ ဒါပေမဲ့ တိရစ္ဆာန်တွေ သတ်ပြီးချက်စားတယ်၊ မီးရှို့ခဲ့တယ်၊ အိမ်မှာရှိတဲ့ပစ္စည်းတွေ ယူတယ်၊ မီးရှို့တယ်၊ ဆိုင်ကယ်တွေ မီးရှို့သွားတယ်၊ ရွာထဲက ရှိတဲ့လူတွေကို ဘုန်းကြီးကျောင်းတွေမှာ စုခိုင်းပြီး စစ်ဆေးမေးမြန်းတယ်” ဟု ဆိတ်ဖြူမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။

ဇွန် ၁၀ ရက်တွင် ပေါက်မြို့နယ်အတွင်းမှ အင်းကန်ကျေးရွာအထိ အဆိုပါစစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ပြီး ဇွန် ၁၃ ရက်မှ ပြန်ဆုတ်ကာ ဆိတ်ဖြူမြို့နယ်အတွင်းရှိ တောင်ဖြူရွာသို့ ပြန်လာကာ တပ်စွဲနေသည်ဟု အဆိုပါ ထိုအမျိုးသားကပြောသည်။

PDF ၏ တိုက်ခိုက်မှု

PDF ကလည်း စစ်ကောင်စီလက်နက်ကိုင်တို့ကို ပြောက်ကျားတိုက်ခိုက်နေသည်။ 

ရဲ နှင့် ပျူစောထီး  ၂၅ ဦးခန့်ကို ပခုက္ကူမြို့တောင်ဘက် မြစ်ခြေ-ကျွန်းချောင်းလမ်းဘေး ညောင်လှရွာအနီးတွင် မေ ၂၃ ရက်က မိုင်းဆွဲတိုက်ခိုက်ရာ ၁၃ ဦးအထိ သေဆုံးသည်ဟု တိုက်ခိုက်ခဲ့သည့် မြစ်ခြေမြို့နှင့် ကျွန်းချောင်းမြို့အခြေစိုက် PDF က ပြောသည်။

ဧရာဝတီမြစ်တစ်ဖက်ကမ်း ပုဂံညောင်ဦးနှင့် မျက်နှာချင်းဆိုင်ရှိ တန့်ကြည်တောင်ဒေသသို့ ပြန်လည်ထွက်ခွာချိန် PDF များ ဟန်ပြထောင်ထားသည့် မိုင်းကို လာရောက်ဖြုတ်သိမ်းကာ လိုက်ထရပ်ကားပေါ်သို့ တင်ဆောင်သွားစဉ် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် မြစ်ခြေမြို့နှင့် ကျွန်းချောင်းမြို့အခြေစိုက် PDF ကပင် တန့်ကြည်တောင်ဒေသ ဆိက္ခဝရွာဘက်မှ ဆိတ်ဖြူနှင့် ကျွန်းချောင်းမြို့နယ် သွားရာလမ်းပေါ်တွင် အင်အား ၇၀ ခန့်ပါ စစ်တပ်ခြေလျင်စစ်ကြောင်းကို မေ ၂၂ နံနက်ပိုင်းက နာရီဝက်ကြာ တိုက်ခိုက်ခဲ့သည်။ 

ထိုသို့ ကြားဖြတ်တိုက်ခိုက်စဉ်အတွင်း စစ်ကောင်စီဘက်မှ ၂ ဦး သေပြီး အများအပြားဒဏ်ရာရသည်ဟု PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇွန် ၈ ရက်နေ့ကလည်း ပခုက္ကူမြို့နယ် မြစ်ခြေ-ကံမ္မလမ်းပေါ်ရှိ ကျပ်ထိုးနယ်မြေရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကူလာသော ယာဉ်တန်းကိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ၂၀ ခန့် သေဆုံးနိုင်ပြီး ၁၀ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ပခုက္ကူမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ပြောထားသည်။

အဆိုပါတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည့်အတွက် စစ်ကောင်စီတပ်က ရွာမီးရှို့သည့်နည်းဖြင့် လက်စားချေခြင်းဖြစ်နိုင်ကြောင်း ပခုက္ကူမြို့နယ် PDF တာဝန်ခံက ပြောသည်။

“တန့်ကြည်တောင်ဘက်မှာဖြစ်တဲ့ကိစ္စရော ဂျပ်ထိုးရဲစခန်းကိစ္စရော စုံသွားပြီး ဆိတ်ဖြူဘက်ကနေ အဲဒီစစ်ကြောင်းတွေက ဝင်လာတာ။ အဲဒီနေရာတွေက ကျွန်တော်တို့ သိပ်မစိုးမိုးနိုင်သေးတဲ့ နေရာတွေပါ” ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် တန့်ကြည်တောင်ဒေသ ဆိက္ခဝရွာမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဆွေမျိုးများရှိသည့်နေရာ ဖြစ်သည်ဟု ပခုက္ကူ PDF ထံမှ သိရသည်။ 

မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသများဖြစ်သော ပခုက္ကူမြို့နယ်ရှိ မြစ်ခြေ- ကျွန်းချောင်း၊ ဆိတ်ဖြူ၊ ရေစကြို၊ မြိုင်နှင့် ပေါက်မြို့နယ်များ၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ယော ဒေသများသည် အာဏာသိမ်းစစ်ကောင်စီကို အပြင်းအထန်ခုခံနေသည်။‌

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button