သတင်း

ထီးချိုင့်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ယနေ့ (ဇွန် ၁၄) နံနက်က အင်အား ၄၀ ပါ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ဦးထက်မနည်း ဒဏ်ရာရ၊ သေဆုံးနိုင်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

မြို့အနောက်ဘက် ၆ မိုင်ခန့်အကွာ ပေါက်ကုန်းရွာတွင် ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်မှာ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် မြို့ဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာကြောင်း၊ နံနက် ၁၀ နာရီခန့်တွင် အလယ်တောရွာသင်္ချိုင်းအနီး မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ထီးချိုင့်-PDF တပ်ဖွဲ့ဝင်တစ်ဦးက‌ ပြောသည်။

“ဆင်ထားတဲ့ မိုင်းကွင်းထဲကို ဝင်လာတဲ့အတွက် ဆွဲလိုက်တာဗျ၊ သုံးကောင်ကတော့ အလောင်းတွေကို အတိအကျ မြင်ရတယ်။ ကျန်တဲ့ ထိခိုက်ဒဏ်ရာရတာတော့ အတိအကျမသိရဘူးပေါ့” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီတပ်က စစ်သားအလောင်း ၃ လောင်းကို အလယ်တောရွာသင်္ချိုင်းအတွင်း သွားရောက်စွန့်ပစ်ထားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံများကို ကိုးကားပြီး သူက ဆက်ပြောသည်။

မိုင်းထိပြီးနောက် စစ်တပ်က အနီးဝန်းကျင်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် မိနစ်အနည်းငယ်ကြာအောင် ရမ်းသန်းပစ်ခတ်ကာ အလယ်တောရွာအတွင်း ဝင်ရောက်သွားခဲ့သည်၊ ၆၀ မမ ကျည်နှစ်လုံး ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်နှစ်လုံး ပျက်စီး၊ နွားနှစ်ကောင် သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

ယနေ့တိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ ထီးချိုင့်မြို့အနောက်ဘက် ထီးချိုင့်-အင်းတော် ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် တပ်ဖြစ်ပြီး မူလက အင်အား ၇၀ ခန့် ရှိရာတွင် အင်အား ၃၀ ခန့်ကို မြို့နှင့် ၁၆ မိုင်ခန့် ဝေးသည့် ကျောက်အိုက်ရွာ၌ ချန်ထားခဲ့သည်ဟု သိရသည်။

“အဲဒီမှာ အင်အားချန်ထားပြီး သူတို့ (စစ်ကြောင်း) က ထီးချိုင့်မြို့ဘက်ကို ပြန်လာတာ၊ ရိက္ခာနဲ့ ခဲယမ်းတွေ ပြန်ယူတယ်လို့လည်း သတင်းရတယ်” ဟု အဆိုပါ ထီးချိုင့် PDF အဖွဲ့ဝင်က ပြောသည်။

ယနေ့မနက်ပိုင်းတိုက်ခိုက်မှုကြောင့် ထီးချိုင့်မြို့ပေါ်တွင် အစစ်အဆေးများ ပိုမိုပြုလုပ်လာပြီး ထီးချိုင့်တံတားအဆင်းတွင် စစ်သားနှင့် ရဲ အများအပြားရှိနေသည်ဟု အသက် ၄၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“အစစ်အဆေးက‌တော့ ပိုတင်းကျပ်လာတယ် ပြောရမယ်၊ မနက်က ကိစ္စ (မိုင်းဆွဲတိုက်ခိုက်) ဖြစ်ပြီးတော့ မြို့အထွက်မှာလည်း စစ်နေကြတယ်” ဟု ၎င်းက ပြောသည်။

မြစ်အရှေ့ဘက်ကမ်းတွင်လည်း အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခု လှုပ်ရှားနေပြီး မြို့ပေါ်တပ်များနှင့်ဆိုလျှင် အင်အား ၃၀၀ ကျော်အထိ ရှိနေသည်ဟု သိရသည်။

ထီးချိုင့်မြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံးနှင့် ရဲစခန်းအနီး တောင်ကုန်းတို့တွင် တပ်စွဲထားပြီး ပြီးခဲ့သည့် မေလက ရဲစခန်းအနီးရှိ ရပ်ကွက် ၂ ခုမှ ဒေသခံများကို လုံခြုံရေးအကြောင်းပြကာ အတင်းအကျပ်ရွှေ့ပြောင်းခိုင်းခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာရာ ဧရာဝတီမြစ်ကြောင်းပေါ်တွင်ရှိသည့် ထီးချိုင့်မြို့လည်း အပါအဝင်ဖြစ်သည်။

ကချင်ပြည်နယ်အတွင်းသို့ ကုန်းလမ်း၊ ရေလမ်း အသုံးပြုကာ စစ်ကူ၊ လက်နက်နှင့် ခဲယမ်းရိက္ခာများပေးပို့နေသည့် စစ်ကောင်စီတပ်များကို ထီးချိုင့်-PDF က အဆက်မပြတ် နှောင့်ယှက်တိုက်ခိုက်နေသည်။

လက်နက်ကိုင်တော်လှန်ရေး အင်အားကောင်းသည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီကို လမ်းပေါ်ထွက် ဆန့်ကျင် ကန့်ကွက်သူများလည်း ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button