
စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်ရှိ ကသာမြို့နယ်တွင် ယမန်နေ့ (ဇွန် ၉) တွင် စစ်ကောင်စီတပ်များနှင့် နှစ်နေရာတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။
ကသာမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ဟဲနားရွာအနီး လမ်းဆုံနှင့် ကသာ – အင်းတော်လမ်းပိုင်းရှိ ၈ မိုင်လမ်းခွဲအနီးတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သော PDF အဖွဲ့ဝင်နှစ်ဦးက ပြောသည်။
နံနက် ၁၀ နာရီခန့်က ဟဲနားရွာအနီးတိုက်ပွဲမှာ လမ်းဆုံတွင် တပ်စွဲထားသည့် ၎င်းတို့ထံသို့ စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အသက် ၄၀ အရွယ် PDF အဖွဲ့ဝင်က ပြောသည်။
ထိုတိုက်ပွဲမှာ ညနေ ၄ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး ၎င်းတို့ဘက်မှ နောက်ဆုတ်ပေးလိုက်သဖြင့် ပြီးဆုံးသွားသည်ဟု ဆိုသည်။
“သူတို့က အင်အားအများကြီးနဲ့ ဝိုက်ပြီးတက်လာတာ၊ လက်နက်ကြီးနဲ့ပါ ပစ်ပြီး ပစ်တက်တက်လာတာ၊ ကျွန်တော်တို့ကတော့ ခံစစ်နဲ့ ကစားရတာပေါ့”
မွန်းလွဲ ၃ နာရီခန့်တွင် ကသာ – အင်းတော်လမ်းပိုင်းရှိ ၈ မိုင်လမ်းခွဲအနီး ၎င်းတို့ဘက်က စတင်ပစ်ခတ်ကာ တိုက်ပွဲစတင်ခဲ့ကြောင်း၊ အင်အား ၇၀ ခန့်ပါ စစ်တပ်ခြေလျင်စစ်ကြောင်းကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း အခြား PDF အဖွဲ့ဝင် လူငယ်တစ်ဦးက ပြောသည်။
ယင်းမတိုင်မီကလည်း ကသာမြို့အထွက် လမ်းဆုံတွင် စစ်ကားသုံးစီးကို မိုင်းဆွဲရာ ဘက်ထရီချို့ယွင်းမှုကြောင့် မကွဲခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီ၏ ခြေလျင်စစ်သားများကို မိနစ် ၂၀ ခန့်ကြာ ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
“(PDF) ဘက်က ဖိုတီး (၄၀ မမ) ရော အာပီဂျီရော အစုံပဲ သုံးတာကတော့၊ သူတို့ (စစ်ကောင်စီ) ဘက်က လက်နက်ငယ်တောင် ပြန်မပစ်နိုင်တော့တဲ့ အနေအထားဖြစ်သွားတာ” ဟု ထို PDF အဖွဲ့ဝင်လူငယ်က ပြောသည်။
ထိုတိုက်ပွဲနှစ်ကြိမ်စလုံးတွင် ၎င်းတို့ဘက်မှ ထိခိုက်သူမရှိဘဲ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးမည်ဟုလည်း PDF အဖွဲ့ဝင်များက ခန့်မှန်းသည်။ သို့သော် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ပြီးခဲ့သည့် ရက်ပိုင်းက ဧရာဝတီမြစ်အတွင်း စစ်ကောင်စီ ရေယာဉ်သုံးစီးကို ကသာမြို့အနီးတွင် PDF က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ပြီးနောက်တွင် စစ်တပ်က ဒေသအတွင်းတွင် အင်အားအလုံးအရင်းဖြင့် လှုပ်ရှားနေသဖြင့် စစ်ရေးအခြေအနေတင်းမာနေသည်ဟု ကသာ-PDF ထံမှ သိရသည်။
ကသာမြို့အရှေ့ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် လှုပ်ရှားနေပြီး တစ်မြို့နယ်လုံးတွင် စစ်အင်အား ၅၀၀ နှင့်အထက်ရှိမည်ဟု အထက်ပါ PDF နှစ်ဦးက ခန့်မှန်းသည်။
“သူတို့ (စစ်ကောင်စီ) လာရင်တော့ ကျွန်တော်တို့ကတော့ လုပ် (တိုက်) ရမှာပဲလေ၊ မလုပ်လို့မရဘူး။ စစ်ရေးကတော့ သူတို့ဝင်လာရင်တော့ ဖြစ်မှာပဲ” ဟု PDF တပ်ဖွဲ့ဝင်လူငယ်က ဆိုသည်။

ကသာမြို့ခံ အမျိုးသမီးတစ်ဦး၏ အဆိုအရ ယနေ့ (ဇွန် ၁၀) တွင် စစ်တပ်က စက်လှေနှစ်စီးဖြင့် ဧရာဝတီမြစ်ကို ဖြတ်ကာ အရှေ့ဘက်ကမ်းမှ စစ်သည်အချို့ကို အနောက်ဘက်ကမ်းရှိ ကသာမြို့ဘက်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် ကချင်ပြည်နယ်ဘက်ရှိ ၎င်းတို့တပ်စခန်းများထံ လူသူလက်နက်အင်အားနှင့် ရိက္ခာဖြည့်တင်းရာတွင် ကသာနယ်မှနေ၍ ဧရာဝတီမြစ်ကြောင်းကို အားထားနေရသည်။ စစ်ကောင်စီစစ်ကြောင်းများကို ဒေသခံ PDF အဖွဲ့များက ခုခံတိုက်ခိုက်သဖြင့် မကြာခဏတိုက်ပွဲဖြစ်နေသည်မှာ ယမန်နှစ်ကတည်းက ဖြစ်သည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က PDF များကို စစ်သင်တန်းပေးနေသည့်ပြင် နယ်မြေချင်း ထိစပ်နေသော စစ်ကိုင်းတိုင်းအတွင်းကို ဝင်ရောက်လှုပ်ရှားနေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလ ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။
ထိုပြောဆိုချက်နှင့် ကချင်ပြည်နယ်အစပ် တိုက်ပွဲများနှင့် ပတ်သက်၍ KIA တာဝန်ရှိသူများကို မေးမြန်းရန် ကြိုးပမ်းသော်လည်း လတ်တလော အဆက်အသွယ်မရဖြစ်နေသည်။
အာဏာသိမ်းပြီးနောက်ပိုင်း KIA နှင့် စစ်တပ်အကြား ကချင်ပြည်နယ်အတွင်းက စစ်မြေပြင်များတွင်သာမက ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာခဲ့ကာ လက်ရှိအချိန်ထိ KIA ကို ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)