သတင်း

တမူးမြို့သို့လာသည့် စစ်ယာဉ်တန်းကို PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်သို့ အင်အားဖြည့်တင်းရန် ရောက်လာသည့် စစ်ကောင်စီတပ်နှင့် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း (၃) ထံမှ သိရသည်။

ဇွန် ၇ နံနက် ၁၀ နာရီခန့်​က ကလေးမြို့မှ စစ်ကား ၁၀ စီးဖြင့် ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း၏ ရှေ့ပြေး ခြေလျင်စစ်သားများကို တမူးမြို့မှ ၁၀ မိုင်ကျော်ခန့်အကွာ ခွန်မွန်းနွန်ကျေးရွာနှင့် ရန်လင်းဖိုင်ကျေးရွာအကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲမှာ မွန်းလွဲ ၃ နာရီခန့်အထိ ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု တမူး-PDF တပ်ရင်း (၃) မှ ပြောရေးဆိုခွင့်ရှိသူ ကိုသားကြီးက ပြောသည်။

“တော်တော်များများ ကျတယ်၊ သူတို့ဘက်က ကျတော့မှ နောက်က ကားတွေက စက်သေနတ်နဲ့ တောက်လျှောက်ပစ်ပြီး (ကျည်ထိသူတွေကို) ဆွဲခေါ်သွားတာ” ဟု ဆိုသည်။

အထိနာပြီး ပိတ်မိနေသည့် ခြေလျင်စစ်သားများကို နောက်မှ ပါလာသည့် စစ်ယာဉ်တန်းက လာရောက် ကယ်ထုတ်ခဲ့ပြီး အဆိုပါစစ်ယာဉ်တန်းကိုပါ PDF က တိုက်ခိုက်ရာ အနည်းဆုံး စစ်ကားနှစ်စီး ထိခိုက်ပျက်စီးနိုင်ကြောင်း ၎င်းက ပြောသည်။

တမူး-PDF တပ်ရင်း (၂)၊ တပ်ရင်း(၃) နှင့် Special Task Force(AB) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲအတွင်း PDF ဘက်မှ အဖွဲ့ဝင်နှစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်း အရေအတွက်အတိအကျ မသိရသေးကြောင်း ဆိုသည်။

အဆိုပါ ယာဉ်တန်းမှာ တမူးမြို့နယ် နန့်မွန်းတားကျေးရွာနှင့် ခွန်မွန်းနွန်ရွာတို့တွင် ထိုနေ့ညက တပ်စွဲကြကြောင်း၊ ဇွန် ၈ နံနက်တွင် မြို့ပေါ်မှ စစ်ကူများက လာရောက်ပူးပေါင်းခဲ့ပြီး စုစုပေါင်း အင်အား ၁၅၀ ခန့်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကူများထဲတွင် စစ်တပ်က လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ဆိုသည်။

ထိုနေ့တွင်ပင် စစ်ကောင်စီတပ်က ခွန်မွန်းနွန်ရွာနှင့် ကပ်လျက် ရန်လင်းဖိုင်ရွာအနောက်ဘက်ရှိ တော်လှန်ရေးတပ်ဖွဲ့များရှိရာသို့ စစ်ကြောင်းထိုးလာသည့်အတွက် နံနက် ၁၀ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ည ၇ နာရီခန့်အထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး အထိနာသွားသည့် စစ်ကောင်စီတပ်က နောက်ဆုတ်ပြေးစဉ် အနောက်မှ အဆက်မပြတ်လိုက်လံတိုက်ခိုက်ခဲ့သည်ဟု တမူး-PDF တပ်ရင်း (၃) ထံမှ သိရသည်။ 

နှစ်ရက်တာတိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သည်၊ စစ်ကောင်စီတပ်မှ သေဆုံးသူ ၂၀ ကျော်ခန့်ရှိနိုင်သည်ဟု ကိုသားကြီးက ပြောသည်။

“မနေ့က တိုက်ပွဲကတော့ ကျတာ ပိုများလိမ့်မယ်၊ သူတို့ ပြန်သွားပြီးတော့မှ တွေ့တာက ပတ်တီးတွေ၊ ဆေးထိုးအပ်တွေ၊ သွေးတွေ အများကြီးတွေ့ရတယ်” ဟု ကိုသားကြီးက ပြောသည်။

ကလေးမြို့ဘက်ကို ဦးတည်ထွက်ခွာသည့် အဆိုပါ စစ်ကောင်စီယာဉ်တန်းမှာ နှစ်ရက်ဆက် တိုက်ခိုက်ခံရမှုကြောင့် ကလေးနှင့် တမူးမြို့နယ်အကြား ခန်းပတ်ရွာသို့ ဆုတ်ခွာသွားသည်ဟု သိရသည်။

စစ်ကောင်စီက တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားလေ့ရှိသည်။ အာဏာသိမ်းမှုကို ထောက်ခံရေးသားကြသည့် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း တိုက်ပွဲသတင်းများ တင်လေ့မရှိဘဲ PDF များ အဖမ်းခံရသည့်သတင်းမျိုးကိုသာ တင်လေ့ရှိသည်။

ပြည်သူများ လွတ်လပ်စွာ မဲပေးရွေးကောက်ထားသည့် အစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအားအကောင်းဆုံးဒေသဖြစ်လာသည်။

စစ်ကိုင်းတိုင်းထဲမှ အခြားမြို့နယ်များနည်းတူ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် တမူးမြို့နယ်သည်လည်း လက်နက်ကိုင်တော်လှန်မှု အရှိန်ကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကို အဆက်မပြတ်တိုက်ခိုက်လျက်ရှိသည်။

ယခုနှစ် ဇန်နဝါရီအတွင်း တမူး – PDF အဖွဲ့၊ တပ်ရင်း (၃) က တမူးမြို့နယ်အပြင်ဘက်တွင် မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ ကလေးခရိုင်၊ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးသောင်းမြင့်၊ ဒုရဲမှူးဝင်းနိုင်၊ ရဲအုပ်မိုးထက်နိုင်၊ တပ်ကြပ်ဇော်မင်းအောင်၊ ဒုတပ်ကြပ်ကျော်ဇင်ထိုက်တို့ သေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း ခြောက်လုံးပြူး ၁ လက်၊ MA – 13  ၂ လက်နှင့် ကျည်ဆန်များ၊ ကျည်ကာများ PDF က သိမ်းယူနိုင်ခဲ့သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button