သတင်း

အိုးဘိုထောင်တွင် ရိုက်နှက်ခံရ၍ နိုင်ကျဉ်း ၂ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံရသဖြင့် ၂ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန် ၅ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများထားရှိသည့် အမျိုးသားအဆောင်တွင် သံတုတ်ကိုင် ထောင်ဝန်ထမ်းများက ရိုက်နှက်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ 

“ဘာပြဿနာဖြစ်သလဲဆိုတာတော့ မသိရဘူး။ ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတွေက ဝိုင်းရိုက်တာ၊ သံတုတ်တွေပါတယ်။ ပြောပြတဲ့ အကျဉ်းသားတွေက ယုံကြည်ရလောက်တဲ့လူတွေ ဖြစ်တဲ့အတွက် ဖြစ်စဉ်က သေချာတယ်လို့ ပြောလို့ရတယ်” ဟု ရှေ့နေက ဆိုသည်။

သေဆုံးသည့်အကျဉ်းသား ၂ ဦး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း၊ ၁၃ ဦးမှာ ထောင်တွင်းဆေးရုံ၌ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

အိုးဘိုထောင်ဝန်ထမ်းများ၊ အရာရှိများက နိုင်ကျဉ်းများကို အနိုင်ကျင့်လေ့ရှိနေကြောင်း၊ ရာဇဝတ်သားများနှင့် ပြဿနာဖြစ်ပါက နိုင်ကျဉ်းများကိုသာ ဖိနှိပ်လေ့ရှိကြောင်း ထောင်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီလက်ထက် အမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်များအနက် တစ်ခုအပါအဝင်ဖြစ်သော အိုးဘိုထောင်၌ ထောင်အာဏာပိုင်များနှင့် နိုင်ငံရေးအကျဉ်းသားများမှာ မကြာခဏ ပြသနာတက်လေ့ရှိကြောင်း၊ ထောင်ဝန်ထမ်းများက သေနတ်ပစ်ဖောက်ပြီး ခြိမ်းခြောက်လေ့ရှိကြောင်း သိရသည်။

ထို့ပြင် အကျဉ်းထောင်တွင် သောက်သုံးရေ မသန့်ရှင်းကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မရှိကြောင်း အကျဉ်းသားတစ်ဦးက မိတ်ဆွေများထံ အကြောင်းကြားထားချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အကျဉ်းထောင်များသည် ဖမ်းဆီးခံရသူများကို စစ်ကောင်စီအလိုကျ ဖိနှိပ်မှုများပြုလုပ်ရာတွင် နာမည်ကျော်ပြီး ထိုအထဲတွင် ရန်ကုန်မှ အင်းစိန်ထောင်၊ မန္တလေးမှ အိုးဘိုထောင်၊ စစ်ကိုင်းတိုင်းမှ မုံရွာ ၊ ကလေး၊ တမူး၊ ကရင်ပြည်နယ်မှ ဖားအံထောင်များ ပါဝင်နေသည်။

မုံရွာထောင်

စစ်ကိုင်းတိုင်း၊ မုံရွာထောင်အတွင်း ပြီးခဲ့သည့် ဧပြီ ၃ က ရာဇဝတ်အကျဉ်းသားများနှင့် နိုင်ကျဉ်းများ ပြဿနာဖြစ်ပြီး ထောင်ဆူပူမှုဖြစ်ရာ အာဏာပိုင်များက ပစ်ခတ်ထိန်းသိမ်းခဲ့သည်။ 

ဆူပူမှုအပြီး နိုင်ကျဉ်း ၂၀ ထက်မနည်း သီးသန့်ချုပ်နှောင်ခံခဲ့ရသလို မုံရွာသပိတ်ဦးဆောင်ကော်မတီတွင် ပါဝင်သူများ၊ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ စုစုပေါင်း ၁၅၀ ခန့်ကို အာဏာပိုင်များက မြင်းခြံထောင်နှင့် အိုးဘိုထောင်သို့ ပြောင်းရွှေ့ပစ်ခဲ့ကြသည်။

လက်ရှိ မုံရွာထောင်တွင် အကျဉ်းသား ၉၀၀ ကျော်ရှိပြီး ထက်ဝက်ကျော်ခန့်မှာ နိုင်ကျဉ်းများဖြစ်ကြောင်း ထောင်တွင်းသတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။ 

အလားတူ ဇွန် ၁ ကလည်း နိုင်ကျဉ်းအမျိုးသမီးနှစ်ဦး အချင်းများသည်ကို ထောင်တန်းစီးက ပါးရိုက်ခဲ့မှုအပေါ် ကာယကံရှင်များအပါအဝင် အခြားအကျဉ်းသူများကလည်း ကျေနပ်မှုမရှိကြကြောင်း သိရသည်။ 

ရေချိုးရာတွင်လည်း ကန့်သတ်ကြောင်း၊ မေ ၂၉ ကလည်း အမျိုးသမီးဆောင်အတွင်း ဝင်ရောက်ရှာဖွေရာတွင် အမျိုးသားဝန်ထမ်းများလည်း ပါဝင်ခဲ့ကြောင်း၊ မေလအတွင်း ပြောင်းရွှေ့လာသည့် ထောင်ပိုင်အသစ် ဝေမင်းလတ်ဆိုသူမှာ အကျဉ်းသားများကို ဖိနှိပ်မှုများပြုနေကြောင်း ထောင်တွင်းမှ ပေးပို့ခဲ့သည့်စာအရ သိရသည်။ 

မုံရွာထောင်ပိုင်အသစ်က ပြီးခဲ့သည့် မေ ၂၃ မှစ၍ နိုင်ငံရေးအကျဉ်းသားများကို ည ၉ နာရီနောက်ပိုင်း စာဖတ်ခွင့်ပိတ်ပင်ထားကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောပြသည်။ ထို့ပြင် ထောင်ဝင်စာပို့စဉ် စာအုပ်ထည့်သွင်းခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ 

လက်နက်ကိုင် ခုခံမှုများသော စစ်ကိုင်းတိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရုံးက ပြီးခဲ့သည့် မေလနောက်ဆုံးပတ်၌ လူသတ်မှုဖြင့် ထောင်ကျနေသည့် ရာဇဝတ်အကျဉ်းသားတချို့ကို လာရောက်ညှိုနှိုင်းခဲ့ကြောင်း ထောင်တွင်းမှ ပေးပို့သည့်စာအရ သိရသည်။

စစ်တပ်အတွက် အလုပ်လုပ်ရန် လာရောက်ညှိနှိုင်းခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် မရသေးပေ။

အင်းစိန်ထောင်

ယမန်နှစ် ဇူလိုင် ၂၃ က အင်းစိန်အကျဉ်းထောင်၌ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ အများအပြားရိုက်နှက်ခံရ၍ တိုက်ပိတ်ခံရသူများရှိသည်ဟု ခန့်မှန်းကြသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများကို အမျိုးသမီးများထားရှိရာ အဆောင်နှစ်ခုမှ စတင်ခဲ့ပြီး တစ်ထောင်လုံးကို ပျံ့နှံ့ကာ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန်၊ ထောင်တွင်းဆေးကုသမှု လုံလောက်စွာပေးရန်၊ ထောင်စည်းကမ်းတင်းကျပ်လာမှုကို ဖြေလျှော့ပေးရန် ကြွေးကြော်ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။ 

ဒီဇင်ဘာ ၁၀ တွင်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ခဲ့ရာ အင်းစိန်ထောင်တွင် အခန်းပြင်မထွက်ဘဲ ဆန္ဒပြသူ ၉၀ နီးပါး ရိုက်နှက်၊ တိုက်ပိတ်ခံခဲ့ရသည်။ 

အကျဉ်းဦးစီးဝန်ထမ်းများက နံပါတ်တုတ်၊ ကော်ချောင်း၊ ရာဘာကြိုးတို့ဖြင့် ရိုက်နှက်စစ်ဆေးစဉ် သတိလစ်လဲကျသူများရှိသလို အကြားအာရုံထိခိုက်သည်အထိ ရိုက်နှက်ခံရသူရှိသည်ဟု ဒီဇင်ဘာ ၁၃ တွင် အင်းစိန်ထောင်ရောက်ခဲ့သူ ရှေ့နေနှစ်ဦးက Myanmar Now ကို ပြောထားသည်။

ဧပြီတတိယပတ်ကလည်း ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ ကျောင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို နယ်ထောင်များသို့ ပြောင်းရွှေ့ခဲ့သည်။

အင်းစိန်ထောင်တွင် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် ထောင် ၃ နှစ် ချခံထားရသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဥက္ကဋ္ဌ ကိုခန့်သူအောင် ရိုက်နှက်ခံရကာ ထောင်ဝင်စာပို့ခွင့်ပါ ပိတ်ထားသည်ဟု ၎င်း၏ ရှေ့နေနှင့် မိသားစုဝင်တစ်ဦးက ယခုနှစ် ဧပြီ ၄ က Myanmar Now ကို ပြောထားသည်။

အမိန့်ချပြီးနောက် အမှုရင်ဆိုင်နေရဆဲသူများကို ထားသည့်နေရာမှ ထောင်ကျအဆောင် ၅ သို့ ပြောင်းရစဉ် အကျဉ်းသားပုံစံထိုင်ရန် ငြင်းဆန်သည့် ကိုခန့်သူအောင်ကို အခြားသူများက ဝိုင်းဝန်းရိုက်နှက်ခဲ့သည်ဟု ယုံကြည်ရသည့် ထောင်တွင်းသတင်းရင်းမြစ်အချို့ထံမှ သိရကြောင်း ရှေ့နေတစ်ဦးက ပြောသည်။

ယခုနှစ် ဇန်နဝါရီ ၁၀ က စစ်ကိုင်းတိုင်းအနောက်မြောက်ပိုင်း အိန္ဒိယနယ်စပ် တမူးမြို့ရှိ ရဲဘက်အကျဉ်းစခန်းတစ်ခုကို တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF တမူး) တပ်ရင်း (၁) က ဝင်ရောက်တိုက်ခိုက်ရာ ထောင်ပိုင်အပါအဝင် ၁၁ ဦးခန့် သေဆုံးခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားတစ်ဦး ရိုက်နှက်ခံရသည်ကို ထောင်အာဏာပိုင်များက ဖြေရှင်းမပေးသည့်အတွက် ထောင်အတွင်း ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပွားခဲ့သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button